ရခိုင်မှာ ဒေသမတည်ငြိမ်တဲ့အပြင် လက်ရှိမှာမိုးရွာသွန်းနေတာကြောင့် ရိတ်သိမ်းချိန် တန်နေတဲ့ စပါးတွေကို မရိတ်သိမ်းနိုင်ဘဲအခက်တွေ့နေကြတယ်လို့ လယ်သမားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ကစတင်ဖြစ်ပွားတဲ့ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေကြောင့် မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စတဲ့ဒေသတွေက ဒေသခံတချို့ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး အဲဒီအထဲမှာ လယ်ယာလုပ်ကိုင်သူတွေလည်း ပါဝင်နေတာပါ။
ပုဏ္ဏားကျွန်းမြို့နယ်က လယ်ယာလုပ်ကိုင်သူတယောက်က “တိုက်ပွဲဖြစ်နေတာ မဟုတ်ပေမယ့် စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ရွာဘက်တွေကို လှမ်းပစ်တာတွေရှိတော့ လယ်ပြင်ထွက်ပြီး စပါးရိတ်ဖို့ဆိုတာ တော်ရုံတွေးကြည့်လို့ မရဘူး။ ရိတ်သိမ်းချိန်တန်ပေမယ့်လည်း တချို့လယ်ကွက်တွေဆို ဒီအတိုင်း ထားထားကြရသေးတယ်” လို့ပြောပါတယ်။
ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့မုန်တိုင်းကြောင့် ရခိုင်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်ကနေစလို့ မိုးသည်းထန်စွာ ရွာသွန်းတာတွေရှိနေတဲ့အတွက် တိုက်ပွဲဧရိယာနဲ့ မနီးစပ်တဲ့ ဒေသတွေမှာလည်း စပါးရိတ်သိမ်းဖို့ အခက်တွေ့နေ ကြတယ်လို့ လယ်သမားတွေက ဆိုပါတယ်။
မိုးရွာတာကြောင့် စပါးတွေ ဆုံးရှုံးနေပြီး ဆက်ရွာနေမယ်ဆိုရင် ရိတ်သိမ်းဖို့ အခက်ပိုတွေ့နိုင်တယ်လို့ ကျောက်တော်မြို့နယ်က လယ်သမားတယောက်က ပြောပါတယ်။
“ရိတ်ပြီး တလင်းပြင်မှာထားတဲ့ စပါးတွေ အကုန်စိုကုန်တယ်။ ဒီတိုင်း ဆက်ရွာနေရင်တော့ ရိတ်သိမ်းဖို့အခက်တွေ့မယ်။ ပြီးတော့ စပါးအသားတင် ရနှုန်းလျော့မယ်” လို့ ပြောပါတယ်။
ရခိုင်ကလယ်သမားတွေဟာ မိုးစပါးစိုက်ပျိုးရာသီတုန်းကလည်း အစပိုင်းမှာ မိုးခေါင်တာ၊ နောက်ပိုင်း ရေကြီးရေလျှံတာတွေနဲ့ ကြုံခဲ့ရတာကြောင့် လယ်ဧက အများအပြား ပျက်စီးခဲ့ရပါသေးတယ်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ရဲ့ ပြီးခဲ့တဲ့တိုက်ပွဲကာလတွေတုန်းကလည်း တိုက်ပွဲတွေကြောင့် မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦးနဲ့ ရသေ့တောင် ဘက်တွေမှာ လယ်ဧက ၈ သောင်းကျော်လောက် မစိုက်ပျိုးနိုင်ဘဲ ဖြစ်ခဲ့ရဖူးပါတယ်။