အစ္စရေးရဲ့ ဗုံးကြဲမှုကြောင့် စားနပ်ရိက္ခာနဲ့ သန့်ရှင်းတဲ့ရေ ရှားပါးပြတ်လပ်နေတဲ့ ခိုလှုံရေးစခန်း တွေမှာ သီတင်းပတ်ချီ စုပြုံနေရတဲ့ လူတွေရှိရာ ဂါဇာမှာ ရောဂါပိုးတွေ ပျံ့နှံ့နေလို့ အင်မတန် စိုးရိမ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။
အသက်ရှူလမ်းကြောင်း ရောဂါ ကူးစက်ခံ ဦးရေ ၇သောင်း ကျော်ပြီး တခြားလူ ၄၄၀၀၀ က ဝမ်းလျှောနေတာကို မှတ်တမ်းတင်ထားတယ်. ကိန်းဂဏန်းတွေက မှန်းထားတာထက် ပိုမြင့်တယ်လို့ သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေရဲ့ WHO ကိုယ်စားလှယ် ရစ်ချာ့ဒ် ပီးပါကွန်က ပြောပါတယ်။
ဝေဟင်ကနေ ဗုံးကြဲတာနဲ့ မြေပြင် ထိုးစစ်တို့က ကျန်းမာရေးစနစ်၊ သန့်ရှင်းတဲ့ရေ လက်လှမ်းမီမှု တို့ကို နှောင့်ယှက်နေပြီး လူတွေက ခိုလှုံရေး စခန်းမှာ ကြပ်ညပ်နေလို့ ဂါဇာမှာ ရောဂါ ကူးစက်မှာကို စိုးရိမ်တယ်လို့ WHO က အရင်တည်းက သတိပေး ခဲ့ပြီးသားပါ။
မိုးရာသီအစမှာ ရေကြီးမယ့် ဖြစ်နိုင်ချေကြောင့် လူဦးရေ ထူထပ်တဲ့ ဂါဇာကမ်းမြှောင်မှာ ရေဆိုး စနစ်တွေနဲ့ ရောဂါကူးစက်မှု ပျံ့နှံ့မှာကို စိုးရိမ်မှု တိုးလာနေပါတယ်။
လောင်စာပြတ်လပ်နေလို့ မိလ္လာတွေ စုပ်ထုတ်တဲ့ စခန်းတွေနဲ့ ရေဆိုးသန့်စင် စက်ရုံတွေ ရပ်ထားရပြီး ရေညစ်ညမ်းမယ့်ဘေးနဲ့ ရောဂါ ကူးစက်မယ့်ဘေးတွေ ပိုတိုးလာနေပါတယ်။
Source/Photo-Reuters