အမေရိကန်သမိုင်းမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တန်ဖိုးရှိတဲ့ ပမာဏအများဆုံး ကုန်ပစ္စည်းအတုတွေ ဖမ်းဆီးရမိခဲ့တယ်လို့ နယူးယောက် တောင်ပိုင်းခရိုင်အတွက် အမေရိကန်ရှေ့နေရုံးက နိုဝင်ဘာ ၁၅ ရက်မှာ ကြေညာခဲ့ပြီး လူ ၂ ဦးကိုလည်း မှောင်ခိုကုန်ကူးမှုနဲ့ ဖမ်းဆီးစွဲချက်တင်ခဲ့ပါတယ်။
နယူးယောက်မြို့ အမိမြေလုံခြုံရေး စုံစမ်းစစ်ဆေးရေးရုံးနဲ့ နယူးယောက်မြို့ ရဲဌာနတို့ဟာ အိတ်အတုတွေ၊ အဝတ်အစားတွေ၊ ဖိနပ်တွေနဲ့ တခြားဇိမ်ခံပစ္စည်းပေါင်း ၂၁၉,၀၀၀ လောက်ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
ထုတ်လုပ်သူ ခန့်မှန်းပြောကြားထားတဲ့ လက်လီဈေးနှုန်းအရ ပစ္စည်းအတုတွေရဲ့တန်ဖိုးဟာ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၃ ဘီလီယံလောက် ရှိမယ်လို့ နယူးယောက် တောင်ပိုင်းခရိုင်ဆိုင်ရာ အမေရိကန်ရှေ့နေ ဒါမီယန် ဝီလျမ်စ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
နယူးယောက်ပြည်နယ်၊ ကွင်းန်စ်ခရိုင်မှ အသက် ၃၈ နှစ်အရွယ် အာဒါမာဆိုးနဲ့ နယူးယောက်မြို့မှ အသက် ၄၈ နှစ်အရွယ် အဗ္ဗဒူလိုင်ဂျယ်လို ခေါ် ထရွိုင်ဘန့်ခ်စ် တို့ကို ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက ဖမ်းဆီးခဲ့ပြီး မှောင်ခိုပစ္စည်း ကုန်ကူးမှုနဲ့ တရားစွဲဆိုထားပါတယ်။
စွဲချက်တင်ခံထားရတဲ့ စွပ်စွဲချက်တွေအရ အာဒါမာဆိုးနဲ့ ဂျယ်လိုတို့ဟာ မန်ဟက်တန်မှာရှိတဲ့ သိုလှောင်ရုံတခုကနေ ကုန်ပစ္စည်းအတုတွေကို ရောင်းဝယ်ဖောက်ကားတဲ့ အကြီးစားလုပ်ငန်းကို လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ အဲဒီစွဲချက်တွေအရ အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တာ ဖြစ်ပါတယ်။
Source/Photo-Reuters