ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့မှာ စစ်ကောင်စီအတွက် အရေးပါတဲ့ ဗျူဟာကုန်း ၁ ခုနဲ့ စခန်းကုန်း ၈ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ မိုးဗြဲပည်သူ့ကာကွယ်ရေးတပ်က နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် ခြေကုပ်ယူထားတဲ့ ဝါရီဆူးဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း ၁၊ ပွဲကုန်း၃၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား၂ ကျေးရွာတွေက တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုဝင်ဘာလ ၁၅ ရက် နေ့လယ်က မိုးဗြဲမှာ တနှစ်ကျော်ကြာ တပ်စွဲထားပြီး စစ်ကောင်စီတပ်ရဲ့ ပင်မသွေးကြောဖြစ်တဲ့ စက်တော်ရာတောင်ကုန်းပေါ်က ခမရ ၅၁၈ ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တပ်ဖွဲ့ဝင်တယောက်က"မိုးဗြဲမြို့ထဲက အရင်အထိုင်တွေအကုန်သိမ်းပြီးပြီ။ စစ်ကောင်စီရှိရင် ၄၂၂ ပဲရှိတော့တယ်။ လေယာဥ်တွေလည်း ကြဲတယ်။ လက်နက်ကြီးကတော့ မိုးရွာသလိုပဲ။ စက်တော်ရာကို ၁၅ ရက်နေ့ကသိမ်းတယ်။ အဲ့ကုန်းမှာထိုင်တာက တပ်စိတ်တစိတ်စာပဲရှိတယ်"လို့ ပြောပါတယ်။
၁၁၁၁ စစ်ဆင်ရေးရဲ့ ၅ ရက်တာကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြိမ်တိုက်ခိုက်မှုပေါင်း ၂၆ ကြိမ် ပြုလုပ်ခဲ့ပြီး လင်နက်ကြီးနဲ့ပစ်ခတ်မှုကို လွိုင်လင်လေးတပ်နဲ့ ဖယ်ခုံတပ်တွေကနေ အကြိမ်ရေ ၅၀၀ ကျော် ပစ်ခတ်ခဲ့ပါတယ်။