မန္တလေးမြို့၊ မြို့လယ်ကောင်ရှိ လမ်း ၃၀၊ ၇၂×၇၃ ကြားမှာ ဖွင့်လှစ်ထားတဲ့ ‘အောင်’ မိသားစုရွှေဆိုင်ကို နိုဝင်ဘာ ၁၇ ရက် ဒီနေ့မနက် ၁၀ နာရီခွဲမှာ အမည်မသိ အမျိုးသားသုံးဦးက ဓားပြတိုက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၁၀ နာရီခွဲက ချမ်းအေးသာစံမြို့နယ်၊ ပါတ်ကုန်းဝန်းကျင်ရပ်ကွက်၊ လမ်း ၃၀၊ ၇၂×၇၃ ကြားမှာ ဖွင့်လှစ်ထားတဲ့ ‘အောင်’ မိသားစုရွှေဆိုင်ကို အမည်မသိ အမျိုးသားသုံးဦး ကားနဲ့ရောက်လာပြီး ဆိုင်ရှေ့မှာ သေနတ်ပစ်ဖောက်ကာ ဆိုင်ရှိ ရွှေထည်ပစ္စည်းတွေယူပြီး ကားနဲ့ပြန်ထွက်သွားတာလို့ ချမ်းအေးသာစံမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မြို့လယ်ကောင်မှာ တပ်တွေရော ရဲတွေရော အများကြီးရှိနေတာတောင် ရွှေဆိုင်အလုခံရတယ်ဆိုတော့ လုံခြုံမှုမရှိတော့ဘူးဆိုတာ သိသာတယ်။ အဲဒီရွှေဆိုင်နဲ့ အနီးတဝိုက်မှာ တိုင်းရုံးရှိတယ်၊ ဆေးကျောင်းမှာလည်း စစ်သားတွေရှိတယ်။ ရွှေတွေ တော်တော်များများ ပါသွားတယ်။”
‘အောင်’ မိသားစုရွှေဆိုင်ကို အမည်မသိ အမျိုးသားသုံးဦးက Mark II ကားအမျိုးအစားနဲ့ သေနတ်တွေကိုင်ဆောင်ကာ လာရောက်လုယက်ခဲ့တာဖြစ်ပြီး ပါသွားတဲ့ ရွှေထည်ပစ္စည်းတန်ဖိုးမှာ သိန်း ၁၀၀၀၀ ကျော်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သေနတ်ပစ်ဖောက်ပြီး ရွှေကောင်တာမှန်ပုံးကို ရိုက်ခွဲပြီး ယူသွားတာ။ တိုင်းစစ်ဌာနချုပ်နဲ့ အနီးဆုံးမှာရှိတဲ့ ရွှေဆိုင်ပါ။”
လတ်တလောမှာ မန္တလေးမြို့အတွင်း စစ်ကောင်စီတပ်နဲ့ ရဲတွေ ပိတ်ဆို့ရှာဖွေ စစ်ဆေးနေပေမဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိခြင်း မရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
မန္တလေးမှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း မောသစ်ရွှေဆိုင်၊ အောင်သပြေရွှေဆိုင်၊ ဝိန့်စိန်ရွှေဆိုင်နဲ့ ပေါ်ဦးရွှေဆိုင်တို့ ဓားပြတိုက်ခံရပြီး ပြစ်မှုကျူးလွန်သူတချို့ကို ဖမ်းဆီးရမိပြီး တချို့မှာ ထွက်ပြေးလွတ်မြောက်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။