ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းက ကျောက်နီမော် နယ်မြေရဲစခန်းနဲ့ ရဲတပ်ရင်း ၃၂ က ရဲအင်အား ၈၇ ယောက် စခန်းစွန့်ခွာပြီး ကျောက်နီမော် ရဲစခန်းက ဒုရဲအုပ်တယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ရမ်းဗြဲမြို့နယ်မှာ နိုဝင်ဘာ ၁၄ ရက် နေ့လယ် ၁၂ နာရီလောက်က ကျောက်နီမော် နယ်မြေရဲစခန်းက ရဲ ၁၁ ယောက် စခန်းစွန့်ခွာပြီး မာယာတောင်ပေါ်က ရဲတပ်ရင်း ၃၂ မှာ သွားရောက်ပူးပေါင်းခဲ့ကြတယ်လို့ အေအေနဲ့ နီးစပ်သူတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ကျောက်နီမော်နယ်မြေရဲစခန်းက ဒုရဲအုပ်တယောက်ကတော့ ရက္ခိုင့်တပ်တော် (အေအေ) ထံမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်နီမော်ရဲစခန်းက ရဲ ၁၁ ယောက် အပါအဝင် မာယာတောင်ရှိ ရဲတပ်ရင်း ၃၂ က ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၈၇ ယောက်ကို စစ်ကောင်စီက ရေယာဥ်နဲ့ လာခေါ်သွားတယ်လို့ ပြောပါတယ်။
ရခိုင်ဒေသအတွင်းရှိ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အသက်မသေဘဲ မိသားစု၊ ဆွေမျိုး၊ မောင်နှမတွေနဲ့ ကောင်းမွန်စွာတွေ့ခွင့်ရလိုပါက မိမိတို့ရဲ့ နီးစပ်ရာ စခန်းတွေကို အမြန်ဆုံးဆက်သွယ်ပြီး လက်နက်ချ အညံ့ခံဖို့ ရက္ခိုင့်တပ်တော် (အေအေ) က အသိပေး ထုတ်ပြန်ထားပါတယ်။