အမေရိကန်မှာ အခုလအစောပိုင်းက အစ္စရေးလိုလားသူတွေနဲ့ ပါလက်စတိုင်း ထောက်ခံသူတွေ အပြိုင်အဆိုင် လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ ခိုက်ရန်ဖြစ်ပွားပြီး ဂျူးအမျိုးသားတဦး သေဆုံးသွားတာနဲ့ပတ်သက်လို့ ကယ်လီဖိုးနီးယားပြည်နယ်မှ အမျိုးသားတဦးကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၆ ရက်မှာ လူသတ်မှုသံသယနဲ့ ဖမ်းဆီးလိုက်ပါတယ်။
ဗန်တူရာကောင်တီ ရဲစခန်းက အသက် ၅၀ အရွယ် လွိုင်အယ်လ်နာဂျီကို မိုးရ်ပါ့ခ်မြို့ရှိ သူ့နေအိမ်မှာ ဆန္ဒအလျောက် လူသတ်မှု သံသယနဲ့ ဖမ်းဆီးခဲ့ပြီး ခရိုင်ထောင်မှာ အကျဉ်းချထားပါတယ်။
လော့စ်အိန်ဂျလိစ်မြို့ အနောက်ဘက် ၃၅ မိုင်အကွာရှိ သောင်ဇင်အုက်ခ်စ်မြို့မှာ နိုဝင်ဘာ ၅ ရက်က အစ္စရေးလိုလားသူတွေနဲ့ ပါလက်စတိုင်း လိုလားသူတွေ တဖွဲ့စီကို အင်အား ၁၀၀ လောက်နဲ့ အပြိုင်အဆိုင် ဆန္ဒပြခဲ့တာဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် ဗန်တူရာကောင်တီ ရဲအရာရှိရုံးက ပြောကြားပါတယ်။
ဆန္ဒပြပွဲမှာ အသက် ၆၉ နှစ်အရွယ် ပေါလ်ကတ်စ်လာဟာ လဲကျသွားပြီးတော့ မြေကြီးနဲ့ ဦးခေါင်း ရိုက်ခတ်မိသွားပြီးနောက်မှာ ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာရပြီး သေဆုံးသွားခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာ စစ်ဆေးသူကတော့ ဒီသေဆုံးမှုဟာ လူသတ်မှုလို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကတ်စ်လာကို သူ့ဒဏ်ရာကြောင့် ဆေးရုံကို ခေါ်ဆောင်သွားချိန်မှာ သတိရှိနေသေးပြီး အဲဒီနေရာမှာ စုံစမ်းစစ်ဆေးသူတွေနဲ့ စကားပြောဆိုခဲ့ကြောင်း ရဲမှူး ဖရိုင်းဟော့ဖ်က ပြောပါတယ်။ ကတ်စ်လာက ရဲအရာရှိတွေကို ဘာတွေပြောခဲ့တယ် ဆိုတာကိုတော့ သူက မပြောခဲ့ပါဘူး။
အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့ကြား စစ်ရေးပဋိပက္ခနဲ့ ပတ်သက်ပြီး အမေရိကန် အပါအဝင် ကမ္ဘာ့မြို့ကြီးတွေမှာ မကြာခဏဆိုသလို လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ဖြစ်ပွားနေဆဲပါ။
Source/Photo-Reuters