အမေရိကန်ကာကွယ်ရေး ထိပ်တန်းအရာရှိတွေဟာ လတ်တလောမှာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့တဲ့အပေါ် မြောက်ကိုရီးယားက နိုဝင်ဘာ ၁၆ ရက်မှာ ဝေဖန်ခဲ့ပြီး အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေဆီက စစ်ရေးခြိမ်းခြောက်မှုကို ပိုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ကတိပြုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
KCNA သတင်းဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မြောက်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒေသတွင်း တင်းမာမှုတွေ တိုးလာတဲ့အတွက် အမေရိကန်ကို အပြစ်တင်ထားပြီး အခုသီတင်းပတ်အတွင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စ်တင်ရဲ့ ဆိုးလ်ခရီးစဉ်ကို ရည်ညွှန်းပြောဆိုထားတာလည်း ဖြစ်ပါတယ်။
အော်စ်တင်ရဲ့ ခရီးစဉ်အတွင်းမှာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မြောက်ကိုရီးယားရဲ့ တိုးလာနေတဲ့ နျူးကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ ရည်ရွယ်တဲ့ ၂ နိုင်ငံ လုံခြုံရေးသဘောတူညီချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။
ဒေသတွင်းမှာ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် စစ်အင်အား လက်နက်ပစ္စည်းတွေ အများအပြား ထားရှိလာမှုနဲ့ အမေရိကန်နဲ့ သူ့မဟာမိတ်တွေရဲ့ အကြီးစား စစ်ရေးလေ့ကျင့်မှုတွေကို ကိုးကားပြီးတော့ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှုတွေ ပိုမိုဆိုးရွားလာစေခြင်းအတွက် အမေရိကန်နဲ့ မဟာမိတ်တွေမှာ တာဝန်ရှိတယ်လို့ မြောက်ကိုရီးယားက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters