Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအမျိုးသမီး ၁ ဦး ကားတိုက်ခံရပြီး အလောင်း တောထဲစွန့်ပစ်ခံရ
DVB
·
November 16, 2023
Thai driver kill Myanmar_16112023

 

ထိုင်းတောင်ပိုင်း၊ ချွန်းဖွန်းမြို့နယ်ထဲမှာ နိုဝင်ဘာ ၁၄ ရက်ညက အလုပ်ကနေ ဆိုင်ကယ်စီးပြီး ပြန်လာတဲ့ မြန်မာလုပ်သား ဇနီးမောင်နှံကို ဟိုင်းလပ်ကား တစီးက အနောက်ကနေ ဝင်တိုက်ခဲ့လို့ သေဆုံးသွားတဲ့ မြန်မာအမျိုးသမီးကို တောထဲပစ်ထားခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမားကူညီရေးအဖွဲ့က ပြောပါတယ်။ 

အဲဒီည ၈ နာရီလောက်က မြန်မာလုပ်သမား ဇနီးမောင်နှံဟာ ဆိုင်ကယ်ကို ပုံမှန်မောင်းနှင်လာစဉ် ဝမ်ဖိုင်ရပ်ကွက် အရောက်မှာ ခဲရောင်ဟိုင်းလပ်စ်ကား တစီးက အနောက်ကနေ အရှိန်နဲ့ ဝင်တိုက်သွားကြောင်း၊ ဆိုင်ကယ်‌မောင်းသူရော ဆိုင်ကယ်ပါ လွင့်ထွက်သွားပြီး အနောက်က လိုက်စီးလာတဲ့အမျိုးသမီးက ကားနောက်ပိုင်း အိတ်ဇောပိုက်နားမှာ ချိတ်ဆွဲလျက်ပါသွားခဲ့တာလို့ အမှုမှာ သွားရောက်ကူညီပေးနေတဲ့ လက်တွဲကူညီ အေအေစီ အလုပ်သမားကူညီရေးမဟာမိတ်အဖွဲ့ မှ ကိုညီလင်းသူက ဒီဗွီဘီကို ပြောပါတယ်။ 

“အဲဒီယာဉ်တိုက်မှုမှာ မြန်မာအမျိုးသားကတော့ နည်းနည်းပါးပါးပဲပွန်းပဲ့ပါတယ်။ ဒါပေမဲ့ သူ့အမျိုးသမီးက ကားနဲ့ချိတ်ပြီးပါသွားတာ။ ကားသမားက ယာဉ်တိုက်မှုဖြစ်တာကို လုံးဝဆင်းမကြည့်တဲ့အပြင် အရှိန်နဲ့မောင်းပြေးသွားတယ်။ သူ့ယောကျ်ားနဲ့  အဲဒီ အနီးပတ်ဝန်း ကျင်ကလူတွေက  အဲဒီအမျိုးသမီးကို အနီးနားတဝိုက် ကျကျန်ခဲ့မလားဆိုပြီး တညလုံး လိုက်ရှာကြတာ မတွေ့လို့ ရဲစခန်းမှာ သွားပြီးတိုင်ချက်ဖွင့်ခဲ့ကြတယ်။”

နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီလောက်မှာတော့ မြန်မာအမျိုးသမီးရဲ့အလောင်းကို အခင်းဖြစ်တဲ့နေရာနဲ့ ၅ ကီလိုလောက်ဝေးတဲ့ တောစပ်နားမှာ လမ်းသွားလမ်းလာပြည်သူတွေက တွေ့ရှိပြီး ချွန်းဖွန်းနယ်မြေရဲစခန်းကို အကြောင်းကြားလို့ ရဲကလည်း ခင်ပွန်းဖြစ်သူထံ ပြန်အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က စီစီကင်မရာတွေ ပြန်စစ်ရာမှာ ကားနံပါတ်ကိုတော့ သိရှိပြီဖြစ်ပြီး ကားမောင်းသမား ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးကြောင်း၊ သေဆုံးသူမှာ အသက် ၃၈ နှစ် အရွယ်ရှိ မသီသီညို ဆိုသူဖြစ်ပြီး တနင်္သာရီတိုင်းက ဖြစ်တယ်။

သေဆုံးသူရဲ့ နာရေးကို ချွန်းဖွန်းမြို့ ဝပ်ခေါင်ဘိုကျောင်းတိုက်မှာ ပြုလုပ်ဖို့ရှိပြီး ဆေးရုံက ဆေးစစ်ချက်ထွက်ရှိပြီးမှသာ အသုဘချခွင့်ရမယ်လို့   အေအေစီအဖွဲ့က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024