အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ဟာ နိုဝင်ဘာ ၁၅ ရက်က တနှစ်တာကာလအတွင်း သူတို့ရဲ့ ပထမဆုံး မျက်နှာချင်းဆိုင် ဆွေးနွေးပွဲကနေ အဓိကရလဒ် ၂ ခုဖြစ်တဲ့ စစ်တပ်အချင်းချင်း ဆက်ဆံရေး ပြန်လည်စတင်ဖို့နဲ့ ဖန်တနဲလ်မူးယစ်ဆေး ထုတ်လုပ်မှုကို တားဆီးရေး လုပ်ဆောင်ဖို့တို့ကို သဘောတူညီခဲ့ကြပါတယ်။
သမ္မတ ဘိုင်ဒင်နဲ့ ရှီတို့ဟာ ဆန်ဖရန်စစ္စကိုမြို့ ဆင်ခြေဖုံးမှာ ၄ နာရီလောက် တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေး တင်းမာစေတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပြီးတော့ ပိုပြီးနီးကပ်တဲ့ ဆက်သွယ်ရေးရရှိဖို့ ကတိပြုခဲ့ကြပါတယ်။
ဘိုင်ဒင်နဲ့ ရှီတို့ဟာ အမေရိကန်ပြည်ထောင်စုမှာ မူးယစ်ဆေး အလွန်အကျွံသုံးစွဲမှုရဲ့ အဓိက အကြောင်းရင်းဖြစ်တဲ့ အိုပီအွိုက်ဒ် ဖန်တနဲလ် ထုတ်လုပ်မှုနဲ့ ဆက်စပ်ပစ္စည်းတွေကို တရုတ်နိုင်ငံကို တင်ပို့မှုကို တားဆီးဖို့လည်း သဘောတူညီခဲ့ကြပါတယ်။
ဒါက အသက်တွေကို ကယ်တင်နိုင်တော့မှာပါလို့ ဘိုင်ဒင်က ပြောကြားပြီး အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရှီ ရဲ့ “ကတိကဝတ်” ကို တန်ဖိုးထားကြောင်းလည်း ပြောဆိုပါတယ်။
၂၀၂၂ ခုနှစ် သြဂုတ်လတုန်းက အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပေလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ် အပြီးမှာ တရုတ်နိုင်ငံက ဖြတ်တောက်ထားတဲ့ စစ်ရေးအရ ဆက်ဆံရေးတွေကို ပြန်စတင်ဖို့ ဘိုင်ဒင်နဲ့ ရှီတို့က သဘောတူညီခဲ့ကြောင်း အစိုးရ နှစ်ရပ်က ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters