Home
မြန်မာသတင်း
မတ္တရာတွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ပြည်သူများကို စစ်တပ်ပစ်ခတ်၊ ၁၀ ဦးခန့် သေဆုံး
DVB
·
November 16, 2023
Mattayar_16112023

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မန္တလေး-မိုးကုတ်ကားလမ်း‌ဘေး အောင်ကန်သာကျေးရွာ (ဇီးဖြူပင်စခန်း) မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၆ ရက် မနက်မှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁၀ ဦးဝန်းကျင် သေဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ် ပကဖကနေ သိရပါတယ်။

မတ္တရာမြို့နယ် ပတ်လည်အင်းကျေးရွာက စစ်ကောင်စီတပ်စစ်သားတွေ နိုဝင်ဘာ ၁၆ ရက် မနက် ၆ နာရီက တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်တပ်က အောင်ကန်သာကျေးရွာက ပြည်သူတွေကို PDF တွေအထင်နဲ့ လာပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ဘိုတောက်က “၇ နာရီထိုးလောက်မှာ မန္တလေးကနေ တပ်ကူ ကား ၅ စီး မတ္တရာဘက်ကို ဆင်းလာပါတယ်။ အဲ့ဒီကား ၅ စီးကနေ အောင်ကန်သာလက်ဖက်ရည်ဆိုင်ထဲမှာရှိတဲ့ ပြည်သူတွေကို ကာကွယ်ရေးရဲဘော်တွေ အထင်နဲ့ ပစ်သွားတာ ဖြစ်မယ်ထင်တယ်။ လက်ဖက်ရည်ဆိုင်ထဲကို ဘောက်လိုက်စွဲပြီး ပစ်ခက်ခဲ့တာပါ” လို့ ပြောပါတယ်။

မတ္တရာမြို့နယ်၊ အောင်ကန်သာကျေးရွာနဲ့ ပတ်လည်အင်းကျေးရွာက တမိုင်ကျော်သာ ဝေးကွာတယ်လို့ သိရပြီး လက်ရှိအချိန်ထိ သေဆုံးသူပြည်သူ ၁၀ ဦးဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ် ပတ်လည်အင်းရွာကိုလည်း စစ်တပ်က နိုဝင်ဘာ ၁၆ ရက် မနက် ၁၀ နာရီလောက်မှာ မီးရှို့ခဲ့ပြီး နေအိမ် ၃ လုံး မီးလောင်နေတယ်လို့ လတ်တလော သိရပါတယ်။

မတ္တရာမြို့နယ်မှာ နိုဝင်ဘာ ၁၃ ရက်ကစတင်ပြီး ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်ဖြစ်တဲ့ MDY PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာ ၁၀ ရွာကျော်က ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024