ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့ထဲမှာ မနေ့ညနေက မီးရှူးမီးပန်း ထုတ်လုပ်တဲ့ အလုပ်ရုံပေါက်ကွဲမှုဖြစ်ပြီး နေအိမ် ၅ လုံးပျက်စီးကာ လူ ၁ ဦး သေဆုံးသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၁၅ ရက် ညနေ ၄ နာရီကျော်လောက်က ဆန်ဆိုင်းမြို့ ပါဖိုင်အုပ်စု မိုင်းခေါင်ရပ်ကွက်တွင်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း တိုင်ကြားချက်ရတဲ့အတွက် မယ်ကျို့အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့နဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆန်ဆိုင်းမြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာဟာ မီးရှုူမီးပန်းထုတ်လုပ်တဲ့ အိမ်တွင်းမှုအလုပ်ရုံဖြစ်ပြီး နေအိမ်နဲ့အလုပ်ရုံ တွဲထားတာကြောင့် လုံးဝပျက်စီးသွားသလို အနီးနားပတ်ဝန်းကျင်က နေအိမ် ၄ လုံးလောက်လည်း ပေါက်ကွဲမှုအစတွေ လွင့်စင်ပြီး ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အသက် ၆၅ နှစ်ရွယ်ရှိ နိုင်းဒွန်ဒုံးကျစ်ဆိုသူ အမျိုးသားမှာ ပြင်းထန်တဲ့ ပေါက် ကွဲမှုကြောင့် ခြေလက်တွေပြတ်ထွက်နေတဲ့အနေအထားနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။
စစ်ဆေးမေးမြန်းချက်အရ သေဆုံးသူဟာ အိမ်ဘေးက ဂိုဒေါင်ထဲမှာ တဦးတည်း မီးရှူးမီးပန်း လုပ်ဖို့ ယမ်းတွေ သိပ်ထည့်နေစဉ် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း၊ အခုအချိန်ဟာ လွဲကထုန်း တန် ဆောင်တိုင်ပွဲ နီးကပ်လာတဲ့အတွက် မီးရှူးမီးပန်းအော်ဒါတွေအလွန်များပြီး ဖောက်သယ်တွေကို အချိန်မီပို့နိုင်ဖို့ အလျင်စလိုလုပ်ဆောင်ရင်းနဲ့ ပေါက်ကွဲသွားတာဖြစ်နိုင်တယ်လို့ အိမ်နီးနား ချင်းတွေက ပြောပါတယ်။
တာဝန်ရှိသူတွေကတော့ လိုအပ်သလိုအရေးယူဖို့ အသေးစိတ်ကို ဆက်လက်စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
ကိုးကား - thairath