အိန္ဒိယနိုင်ငံ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှာ နိုဝင်ဘာ ၁၅ ရက်က ချောက်တခုထဲကို ဘတ်စ်ကားတစီး ပြုတ်ကျခဲ့ပြီးနောက် အနည်းဆုံး လူ ၃၆ ဦး သေဆုံးခဲ့ပါတယ်။
ဒေသခံမီဒီယာတွေရဲ့ အဆိုအရ ဘတ်စ်ကားဟာ ဒိုဒါခရိုင်ရှိ ပေ ၃၀၀ နီးပါးနက်တဲ့ ချောက်ထဲကို ပြုတ်ကျခဲ့ကြောင်း သိရပါတယ်။
ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူ ၃၆ ဦး ပွဲချင်းပြီး အသက်ဆုံးရှုံးခဲ့ပြီး ဒဏ်ရာရသူ ၁၉ ဦးထဲက ၆ ဦးဟာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ်ရုံးရှိ အငယ်တန်းဝန်ကြီး ဂျီတန်ဒရာ ဆင်းန်က ပြောကြားခဲ့ပါတယ်။
ဒဏ်ရာရသူတွေကို အကူအညီတွေ ပေးအပ်ထားပြီး တချို့ကို ဒိုဒါမြို့ရှိ အစိုးရဆေးကောလိပ်ကို ပြောင်းရွှေ့ထားကာ တချို့ကိုတော့ ဂျမူးကို ပို့ဆောင်ထားပါတယ်။
ကက်ရှ်မီးယားရှိ ဘတ်စ်ကားတွေဟာ မကြာခဏ လူအပြည့်အသိပ် တင်ဆောင်ကြလေ့ရှိပြီး တောင်ထူထပ်တဲ့ လမ်းကျဉ်းတွေမှာ ယာဉ်မတော်တဆမှုတွေ အဖြစ်များပါတယ်။
Source/Photo-Reuters