ကျူးဘားနဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေဟာ နိုဝင်ဘာ ၁၄ ရက်က ဟာဗားနားမှာ တွေ့ဆုံပြီး ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲတွေဟာ မိသားစု ပြန်လည်ပေါင်းစည်းရေးကို မြှင့်တင်ဖို့နဲ့ ကျူးဘားရှိ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ပိုမိုလေးစားမှုမြှင့်တင်ဖို့အတွက်ဖြစ်ပြီး ဒီကိစ္စတွေဟာ နှစ်နိုင်ငံ အကျိုးစီးပွားနဲ့ ကိုက်ညီကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တရပ်မှာ ပြောပါတယ်။
ကျူးဘား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကားလော့စ်ဖှာနန်ဒက်ဇ်ဒီကော့စီယို ကတော့ နိုင်ငံ့စီးပွားရေး ယိုယွင်းပျက်စီးနေတဲ့ ကျူးဘားကျွန်းပေါ်မှာ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့မပေးမချင်း ပြဿနာက ပြေလည်သွားမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။
“စီးပွားရေး ပိတ်ဆို့ထားမှုကို အားဖြည့်ဖို့ အစီအမံတွေနဲ့ အထူးသဖြင့် အကြမ်းဖက်ဝါဒကို အားပေးတဲ့နိုင်ငံတွေစာရင်းမှာ ကျူးဘားကို ထည့်သွင်းထားခြင်းတွေက ကျူးဘားပြည်သူတွေရဲ့ လူနေမှုဘဝတွေနဲ့ ကျူးဘားတွေကို ပြောင်းရွှေ့နေထိုင်ဖို့ လှုံ့ဆော်မှုတွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေကြောင်းလည်း ထပ်လောင်းပြောလိုပါတယ်။”
အမေရိကန်ကလည်း ကျူးဘားမှာ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို မြှင့်တင်ဖို့အတွက် ပိတ်ဆို့အရေးယူမှုတွေ လိုအပ်ကြောင်းနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်များအတွက် ခြွင်းချက်ထားတယ်လို့ ပြောပါတယ်။
ကျူးဘား ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ထိပ်တန်းနေရာဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုဟာ ၂၀၂၂ ခုနှစ်မှာ ကျူးဘားနဲ့ ဆွေးနွေးပွဲတွေ ပြန်လုပ်ခဲ့ပါတယ်။
ကျူးဘားလူမျိုးတွေက မြောက်ဖက်ရှိ အမေရိကန်ပြည်ထောင်စုဆီကို စံချိန်တင် ရွေ့ပြောင်း ဝင်ရောက်နေ့မှုတွေကို နှေးကွေးအောင်နှစ်နိုင်ငံတာဝန်ရှိသူတွေ ကြိုးပမ်းနေကြတာ ဖြစ်ပြီး အခုတွေ့ဆုံမှုဟာ ဒီနှစ်အတွင်း ဒုတိယအကြိမ် ဖြစ်ပါတယ်။
တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုကို တားဆီးဖို့ ရည်ရွယ်တဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တွေ အပါအဝင် ကျူးဘားတွေအတွက် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ တရားဝင်လမ်းကြောင်းတွေကို အမေရိကန်က တိုးမြှင့် လုပ်ဆောင်ပေးခဲ့ပါတယ်။
သိပ်မကြာသေးတဲ့ ရက်သတ္တပတ်တွေအတွင်း မက္ကဆီကိုကနေ အမေရိကန်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ လက်တင်အမေရိကနဲ့ ကာရေဘီယံနိုင်ငံ အများအပြားမှ ထောင်သောင်းချီတဲ့ လူတွေထဲမှာ ကျူးဘားလူမျိုးတွေလည်း ပါဝင်လာတာကြောင့် အမေရိကန် နယ်စပ်မြို့တွေမှ တာဝန်ရှိသူတွေ စိုးရိမ်နေပြီး ကုန်သွယ်ရေး နှောင့်နှေးမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
Source/Photo - Reuters