Home
နိုင်ငံတကာ
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်အတွက် လောင်စာခဲသုံးအင်ဂျင် စမ်းသပ်မှု အောင်မြင်
DVB
·
November 15, 2023
North Korea tested new solid-fuel engine for intermediate ballistic missile

မြောက်ကိုရီးယားနိုင်ငံဟာ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် (IRBMs) အတွက် အမျိုးအစားသစ် တွန်းအားမြင့် လောင်စာခဲသုံး အင်ဂျင်တွေရဲ့ တည်ငြိမ်မှုစမ်းသပ်ချက်တွေကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA က နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

အခုစမ်းသပ်မှုဟာ IRBM စနစ် အမျိုးအစားသစ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ယုံကြည်စိတ်ချစွာ အရှိန်မြှင့်ဖို့အတွက် သေချာအာမခံထားပါတယ်လို့ KCNA က ဖော်ပြခဲ့ပြီး စစ်ဆေးမှုတွေကို နိုဝင်ဘာ ၁၁ ရက်နဲ့ ၁၄ ရက်တို့မှာ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ အထွေထွေဒုံးပျံဗျူရိုဟာ IRBM အသစ်ကို အလေးထားကြောင်းလည်း အစီရင်ခံခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံက ရင်ဆိုင်နေရတဲ့ တကယ့်ကို အရေးတကြီးနဲ့ လုံခြုံရေး မတည်ငြိမ်နိုင်တဲ့ ပတ်ဝန်းကျင်နဲ့ ရန်သူနိုင်ငံတွေရဲ့ ရန်လိုတကြီး ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် မြောက်ကိုရီးယားစစ်တပ်ရဲ့ ဗျူဟာမြောက် ထိုးစစ်စွမ်းရည်ကို မြှင့်တင်ဖို့အတွက်  လောလောလတ်လတ် စမ်းသပ်မှုတွေက မရှိမဖြစ် လိုအပ်နေကြောင်းလည်း KCNA က ထပ်လောင်းပြောကြားခဲ့ပါတယ်။

ပြုံယမ်းအစိုးရဟာ သဘာဝအရင်းအမြစ်ဝန်ကြီး အလက်ဇန်ဒါ ကော့ဇ်လော့ဗ် ဦးဆောင်တဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ ပြုံယမ်းကို ရောက်ရှိနေကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ သူတို့ရဲ့ စက်တင်ဘာ ထိပ်သီးအစည်းအဝေးမှာ စစ်ရေးအရ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း သူတို့ခေါင်းဆောင်တွေ ကတိပြုခဲ့ကြပေမဲ့လည်း လက်နက်ဆိုင်ရာ ဘာသဘောတူညီချက်ကိုမှ မရှိထားကြောင်း ငြင်းဆိုထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024