ရခိုင်ပြည်နယ်အတွင်းက ကုန်စည်စီးဆင်းမှုလမ်းတွေကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာကြောင့် လတ်တလောမှာ ကုန်စည်စီးဆင်းမှု ရပ်တန့်နေတယ်လို့ ဒေသခံစီးပွားရေးသမားတွေထံက သိရပါတယ်။
ရခိုင်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင်တဦးက “ကုန်စည်စီးဆင်းမှုကတော့ လောလောဆယ်မှာ ရပ်တန့်နေတယ်။ အဲဒီတော့ အခက်အခဲတော့ ရှိတာပေါ့။ စားသုံးကုန်တွေက အရင်လို ကိုယ် လိုသလောက် ဝယ်လို့မရဘူး” လို့ ပြောပါတယ်။
ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းရှင်တဦးက “ပို့ကုန်တွေ ထိခိုက်မှုတော့ ရှိတာပေါ့။ ဝယ်ထားတဲ့ ကုန်တွေက ကားလမ်းမပွင့်တော့ ကြားထဲမှာ ပိတ်မိနေတာတွေ ရှိတယ်။ သား ငါး ပုစွန်တွေ ရှိမယ်။ အထက်မြန်မာပြည်က ဆင်းလာတဲ့ ဟင်းသီးဟင်းရွက်တွေ ရှိမယ်။ ဒါတွေက ပုပ်သိုးပစ္စည်းတွေဆိုတော့ ကြာရှည်လည်း အထားအခံဘူး” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ဟာ ပြည်မကတင်သွင်းတဲ့ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းတွေကိုသာ အားထားသုံးစွဲနေရတာ ဖြစ်တဲ့အတွက် ကုန်စည်စီးဆင်းမှု ရပ်တန့်နေပါက ရခိုင်ပြည်နယ်အတွင်း စားသောက်ကုန်စျေးနှုန်းတွေလည်း မြင့်တက်လာနိုင်ခြေ ရှိနေပါတယ်။
ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက “ဒီလို လမ်းပိတ်တယ်ဆိုပြီး ရက်ရှည်ကြီးသွားလုပ်ရင် အကုန်ဒုက္ခရောက်ကုန်မှာ။ ဒါမျိုးတော့ မလုပ်သင့်ဘူး။ ကုန်စည်စီးဆင်းရေးကတော့ ရှိကို ရှိနေရမှာ၊ မရှိရင် အဲဒီကပြည်သူတွေ ဒုက္ခရောက်ကုန်မှာ။ ကုန်စျေးနှုန်းတွေလည်း မတရားတွေ တက်ကုန်မှာ။ အဲလို လမ်းတွေ ပိတ်တာတော့ အဆင်မပြေဘူးဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းကစပြီး ရန်ကုန်-စစ်တွေ၊ ငါးသိုင်းချောင်း-ဂွ၊ ရန်ကုန်-တောင်ကုတ် လမ်းပိုင်းတို့ကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တာ ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ စစ်တွေမြို့ပေါ်မှာ ညမထွက်ရအမိန့်လည်း ထုတ်ပြန်ခဲ့ပါတယ်။
ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူတဦးက “လမ်းကြောင်း အကုန်ပိတ်ထားတာလား ဆိုတာတော့ အတိအကျ မသိသေးဘူး။ ရန်ကုန်-စစ်တွေလမ်းကတော့ လုံးဝပိတ်ထားတယ်။ တချို့ဂိတ်တွေကတော့ ပိတ်ထားလည်း ထွက်တော့ ထွက်ကြည့်မယ်။ ရပ်ဆိုလည်း ရပ်ထားမှာပေါ့နော်။ စားကုန်ကို လက်မခံဘူး။ ဘာကြောင့်လဲဆိုတော့ ရပ်ထားတဲ့အချိန် ကြာရင် စားကုန်ဆို ပျက်စီးမှာစိုးလို့။ တခြားကုန်ဆို သယ်မယ်ပေါ့။ အဲလိုမျိုးပြောတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈-၂၀၁၉ ခုနှစ် စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တုန်းကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့တချို့ကို ရိက္ခာလမ်းကြောင်းတွေ ဖြတ်တောက်တာတွေ လုပ်ခဲ့ပေမဲ့ အခုလို ရေလမ်း၊ ကုန်းလမ်း ပိတ်ဆို့မှုမျိုးတော့ မဟုတ်ခဲ့ဘူးလို့ သိရပါတယ်။