စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးတာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အေးကုန်းကျေးရွာရှိ ရွာသားတွေအတွက် NUG နဲ့ အလှူရှင်တွေက ထောက်ပံ့လှူဒါန်းထားတဲ့ ငွေကျပ် သိန်း ၃၀ ခန့် တန်ဖိုးရှိ ဆန်၊ ဆီ၊ မိုးကာ၊ စောင်၊ အနွေးထည်၊ အမျိုးသမီးဝတ်လုံချည်၊ အိမ်သုံး အသုံးအဆောင်တွေနဲ့ ငွေကျပ် တသိန်း ကူညီထောက်ပံ့ခဲ့ပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အဖွဲ့ခေါင်းဆောင်၊ လူသားစာနာတာဝန်ခံနဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်တာဝန်ခံတို့ဟာ နိုဝင်ဘာ ၁၃ ရက်က အေးကုန်းကျေးရွာကို သွားရောက် အားပေးစကားပြောကြားခဲ့ပြီး အရေးပေါ် ကူညီထောက်ပံ့ခဲ့တယ်လို့ မြို့နယ် ပအဖ ထံမှ သိရပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က “မီးရှို့ခံရတဲ့ အိမ်ထောင်စု ၁၆ စုကို လှူတာပါ။ ဆန် ၁၆ အိတ်၊ ဆီ ငါးဂါလံပုံး ၁ ပုံး၊ ငွေ ၁ သိန်း၊ စောင် ၁၆ ထည်၊ မိုးကာ ၁၆ ချပ်၊ အနွေးထည်၊ ထဘီ၊ ကော်ဇလုံ၊ ကော်ခြင်းတို့ လှူခဲ့တာပါ။ စုစုပေါင်း သိန်း ၃၀ နီးပါး ရှိပါတယ်။ ပုလဲနယ်မှာ မီးရှို့ခံရတဲ့ ကျေးရွာတွေ များနေလို့ အားလုံးက ဝိုင်းဝန်း ကူညီပေးကြပါဦးလို့ ပြောချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ၇၀၈ တပ်ရင်းစစ်ကြောင်းက ပုလဲမြို့နယ်၊ အေးကုန်းကျေးရွာကို နိုဝင်ဘာ ၁၂ ရက်မှာ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၁၆ လုံး မီးလောင်ပြာကျခဲ့ပါတယ်။
မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အေးကုန်းကျေးရွာက ပြည်သူတွေအနေနဲ့ အကူအညီတွေ အရေးပေါ်လိုအပ်နေလို့ ပြည်တွင်းပြည်ပမှ အလှူရှင်တွေ အနေနဲ့ ကူညီ ဆောင်ရွက်ပေးကြဖို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
ပုလဲမြို့နယ်ဟာ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကို အကြိမ်ကြိမ်ခံခဲ့ရပြီး ၃ နှစ်နီးပါး ကာလအတွင်း ကျေးရွာပေါင်း ၅၂ ရွာ၊ အိမ်ခြေပေါင်း ၂,၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့သလို သတ်ဖြတ်ခံခဲ့ရတဲ့ ကျေးရွာနေ ပြည်သူ စုစုပေါင်း ၇၀ ခန့် ရှိတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။