ဂါဇာကမ်းမြောင်မှာ ငါးရက်ကြာ အပစ်အခတ်ရပ်စဲရေးအတွက် ပြန်ပေးတဲ့အနေနဲ့ ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးနဲ့ ကလေး အယောက် ၇၀ အထိ ပြန်လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကာတာနိုင်ငံက ဖျန်ဖြေသူတွေကို ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ် လက်နက်ကိုင်အဖွဲ့က နိုဝင်ဘာ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
“အပစ်အခတ်ရပ်စဲရေးမှာ ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ရှိတဲ့ နေရာတိုင်းကို အကူအညီပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးတွေ ပါဝင်သင့်ပါတယ်” လို့ ဟားမတ်စ်အဖွဲ့ရဲ့ ပြောခွင့်ရ အဘူ အူဘေဒါက အဖွဲ့ရဲ့ တယ်လီဂရန် ရုပ်သံလိုင်းကနေ ထုတ်လွှင့်တဲ့ အသံဖိုင်မှာ ပြောပါတယ်။
သဘောတူညီချက်ရဲ့ တန်ဖိုးကို အစ္စရေးက ရွှေ့ဆိုင်း ရှောင်လွှဲနေတယ်လို့ သူက ဆက်လက် စွပ်စွဲခဲ့ပါတယ်။
အစ္စရေးရဲ့ စာရင်းဇယားအရ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ အငိုက်ဖမ်း တိုက်ခိုက်လို့ အစ္စရေးက လူပေါင်း ၁,၂၀၀ လောက် သေဆုံးပြီး တခြားလူ အယောက် ၂၄၀ ကို ဓားစာခံအဖြစ် ဂါဇာဆီ ပြန်ပေးဆွဲခေါ်သွားခံရလို့ အစ္စရေးရဲ့ ၇၅ နှစ်တာသမိုင်းမှာ အဆိုးရွားဆုံးနေ့ ဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး အစ္စရေးရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် ဂါဇာမှာ ကလေး အယောက် ၄,၆၃၀ နဲ့ အမျိုးသမီးအယောက် ၃,၁၃၀ အပါအဝင် လူ အယောက် ၁၁,၂၄၀ သေဆုံးခဲ့ပြီး လူအယောက် ၂၈,၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
Source/Photo-Reuters