မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီပြတ်လပ်နေတာနဲ့ စတင်ကြုံနေရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
မြို့ခံတက္ကစီယာဥ်မောင်းတယောက်က “အခုဆို မော်လမြိုင်မြို့တွင်းမှာ စက်သုံးဆီဆိုင်တွေက ဆီမရတာကြောင့် မြို့ပြင်ကိုသွားပြီး ဆီရမယ့်ဆိုင်မှာ သွားထည့်ရတာ အချိန်ကုန် လူလည်းပင်ပန်းတာပေါ့။ အခုလို စက်သုံးဆီတွေနဲ့ မှီခိုလုပ်ကိုင်နေကြတဲ့ တက္ကစီ အငှားယာဥ်မောင်းသမားတွေဆို အလုပ်က အဆင်မပြေတာနဲ့ ကြုံရတယ်” လို့ ပြောပါတယ်။
လက်ရှိ မော်လမြိုင်မြို့မှာ စက်သုံးဆီကားတွေ မဝင်ရောက်လာသေးတဲ့အတွက် မြို့တွင်း ဆီပြတ်လပ်နေတာဖြစ်တယ်လို့ စက်သုံးဆီဆိုင်နဲ့ နီးစပ်တဲ့ မြို့ခံတွေက ပြောပါတယ်။
လက်ရှိမှာ စက်သုံးဆီတွေဟာ ပုံမှန်စျေးနှုန်းမှာ ဆက်ရှိနေပေမဲ့ မွန်ပြည်နယ်အတွင်းမှာ နိုင်ငံတော်က လျှပ်စစ်မီးတွေပါ မရရှိကြတဲ့ နယ်မြို့ရွာတွေဘက်မှာ မီတာခ တယူနစ်ကို ကျပ် ၁,၈၀၀ ကျသင့်ပြီး သုံးစွဲနေရပါတယ်။
ဒါ့အပြင် ဒေသအတွင်း တိုက်ပွဲတွေရှိနေတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ပြီး စက်သုံးဆီတွေပါ ပြတ်လပ်တာနဲ့ ကြုံနေတာကြောင့် အသေးစား လုပ်ငန်းတွေ သယ်ယူပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းတွေ ယာယီရပ်နားထားရပါတယ်။