ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့အနီးက ဒတ်နိုင်း စစ်ကောင်စီ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ ၆၊ တပ်ရင်း ၉ က နိုဝင်ဘာ ၁၃ ရက်က သိမ်းပိုက်လိုက်ကြောင်း ကေအိုင်အေရှေ့တန်း သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီ စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်း ၁၀ နာရီခွဲကျော်လောက်က စတင် သွားရောက်တိုက်ခိုက်ခဲ့တာမှာ မနေ့ မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ကေအိုင်အေ ရှေ့တန်း သတင်းရင်းမြစ် တဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။
ကေအိုင်အေ သတင်းရင်းမြစ်တဦးက "တနေ့က လေယာဉ် တစ်စီးတည်းနဲ့ ဗုံး ၈ လုံးကြဲ သွားတယ်။ ည မှာလည်း လေယာဉ်နဲ့ သုံးကြိမ် ထပ်လာကြဲတယ်" လို့ ပြောပါတယ်။
ကွတ်ခိုင် ဒေသခံ ၁ ဦးကကလည်း ဒတ်နိုင်းဘက်က စစ်ကောင်စီ တပ်စခန်းကို ကေအိုင်အေ ဘက်က သွားရောက်တိုက်ခိုက်ခဲ့ပြီး ရှင်းလင်းခဲ့ကြတယ်လို့ ပြောပါတယ်။
နိုဝင်ဘာ ၃ ရက် ညနေ ၅ နာရီလောက်ကလည်း ကွတ်ခိုင်မြို့နယ် ရှောက်ဟော် ရွာအနီးက လင်ရှန်းဂူနေရာမှာ တပ်စခန်းချထားတဲ့ စစ်ကောင်စီကို ကေအိုင်အေ တပ်မဟာ ၆၊ တက်ရင်း ၉ က သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။
ကွတ်ခိုင်မြို့ပြင် မော်ဟစ်ရွာမှာ နိုဝင်ဘာ ၂ ရက်နေ့ည ၆ နာရီ ကျော်ခန့်က စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျကွဲလို့ အမျိုးသမီး ၁ ဦး ခြေထောက်ပြတ်သွားကြောင်း ဒေသခံ တွေဆီက သိရပါတယ်။
အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို နှစ်ဖက်တပ်ဖွဲ့တွေ ထိခိုက်သေဆုံးမှု အခြေအနေကိုလည်း မသိရသေးပါဘူး။