စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်သာကျေးရွာမှာရှိတဲ့ စစ်ကောင်စီ အထိုင်တပ်စခန်း၊ ရဲစခန်းနဲ့ ပျူစောထီးစခန်းတွေကို ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ပြည်တော်ဝင်စစ်ဆင်ရေး ဖော်ဆောင်နေတယ်လို့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ကနေ သိရပါတယ်။
“အဲဒီ ပန်သာရွာက အရင်က ပျူတွေချည်းနေတဲ့ရွာ။ လက်ရှိကတော့ ရွာထဲမှာ အိမ်တွေရော လူတွေရော မရှိတော့ဘူး။ သူတို့ အထိုင်ချထားတာပဲ ရှိတော့တာ။ အရင် ပျူမဟုတ်တဲ့သူတွေကတော့ တဖက်နိုင်ငံကို တိမ်းရှောင်နေတာ ကြာပါပြီ။ အခုချိန်ထိကတော့ ကျနော့်ဘက်က အများကြီး ဖိနှိပ်ထားတယ်။ ဒီကောင်တွေ ကတုတ်ကျင်းထဲကနေကို မထွက်နိုင်ဘူး။”
ပြည်တော်ဝင်စစ်ဆင်ရေးအမည်က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
၆ ရက်ကြာ တိုက်ပွဲဖြစ်ပွားမှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူများနေပြီး စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူပေးတာနဲ့ တမူးမြို့ အထိုင်တပ်စခန်းကုန်းကနေလည်း လက်နက်ကြီးနဲ့ ပစ်ကူပေးနေတာကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၈ ရက်ကစပြီး အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ရဲ့ စစ်ကြောင်း ၃ ကြောင်း၊ PDF တပ်ရင်း-၄ တမူး(TSG)၊ Fighter Police CDM အဖွဲ့၊ ကလေးမြောက်ပိုင်း ရာဇဂြိုဟ် လျှပ်တပြက်တိုက်ခိုက်ရေးဖွဲ့ (AGF) တို့ပူးပေါင်းပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။