ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့ ကမ်းနားလမ်းရှိ စည်ပင်ရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး စည်ပင်ဝန်ထမ်း ၂ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီက သတင်းဖုံးထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၁ ရက် ည ၈ နာရီကျော်လောက်မှာ စည်ပင်ရုံးရှိ ဦးစီးမှူးနေအိမ်အနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုကို ပြည်ခရိုင် တပ်ရင်း-၃၆၀၂၊ တပ်ခွဲ-၁ က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
ပြည်မြို့ခံတဦးက “စည်ပင်ရုံးထဲမှာ ပေါက်တာတော့ အသံလည်းကြားတယ်။ ဗုံးပေါက်တော့ အိမ်ကို သဲတွေ ကျောက်တွေ လာစင်တာ။ ဘာဖြစ်တာလဲဆိုပြီး ထွက်ကြည့်တော့ စည်ပင်ရုံးထဲမှာ ပေါက်တာလို့ သိရတယ်။ စစ်သားတွေရောက်လာလို့ အိမ်ထဲ အမြန်ပြန်ဝင်နေကြရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် စည်ပင်ဝန်ထမ်း အသက် ၆၀ ကျော် ညစောင့် အမျိုးသားတယောက်နဲ့ အသက် ၄၀ အရွယ် အမျိုးသားတယောက်တို့ သေဆုံးခဲ့ပြီး ရုပ်အလောင်းတွေကို ခုတင် ၁၀၀ စစ်ဆေးရုံကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ညတွင်းချင်းသယ်သွားပြီး မိသားစုကို ဆေးရုံခေါ်ပြီး ဆေးရုံမှာပဲ သင်္ဂြိုဟ်မယ်လို့ အသိပေးခဲ့ကြောင်း သိရပါတယ်။
ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တာဝန်ခံက “အခုအချိန်မှာ စစ်ရေးရည်ရွက်ချက်ကတော့ ပြည်သူကလွဲပြီး စကစနဲ့ ပတ်သက်သမျှ ဒေါက်တိုင်တွေအကုန် သတိပေးကာလ ကျော်လွန်ပြီ။ ပြည်သူ့မျက်နှာကလွဲပြီး တခြားထိခိုက်မှုကို တာဝန်အပြည့်ယူပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
တော်လှန်ရေးကာလ ရေချိန်မြင့်လာတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ လှုပ်ရှားသွားလာတဲ့ နေရာတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ရုံးဌာနတွေအနီးမှာ သွားလာနေထိုင်ခြင်း မပြုကြဖို့လည်း အသိပေးထားပါတယ်။
စစ်ကောင်စီက အခုလို သတင်းဖုံးထားတာဟာ နိုဝင်ဘာလအတွင်း ပြည်မြို့မှာ တန်ဆောင်တိုင်ပွဲတော်နဲ့ ရွှေဆံတော်စေတီ မြတ်စွယ်တော် လှည့်လည်ပူဇော်ခံပွဲကို စည်ကားစွာ ကျင်းပနိုင်ဖို့ အခုလိုလုပ်ဆောင်တာ ဖြစ်နိုင်ကြောင်း မြို့ခံတွေထံက သိရပါတယ်။
Photo Cj