Home
မြန်မာသတင်း
ကျောက်ထုအမြောက်တပ်က ဒုအရာခံဗိုလ် ၁ ဦး ပြည်သူ့ရင်ခွင်ခိုလှုံ
DVB
·
November 13, 2023

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထု အ‌မြောက်တပ်က စစ်ကောင်စီရဲ့ ဒုအရာခံဗိုလ်တယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာလို့ နိုဝင်ဘာ ၁၂ ရက်က ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ်-၁၅၊ ၁၆၊ ၁၇ YRA-ထီးလင်းကနေ သိရပါတယ်။

ဆောမြို့နယ်၊ ကျောက်ထုအ‌ေမြာက်တပ်က ကိုယ်ပိုင်အမှတ် တ-၄၇၇၄၄၃ ဒုအရာခံဗိုလ် ကျော်စိုးလှိုင်ဟာ စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့လို့ နိုဝင်ဘာ ၅ ရက်မှာ YRA-ထီးလင်းကနေတဆင့် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ YRA-ထီးလင်းရဲ့ ခေါင်းဆောင် သခင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ ဒုအရာခံဗိုလ်ဟာ MA3 သေနတ်တလက်၊ ကျည်ဘောက် ၃ ခု၊ ကျည်ဆန် ၂၁၉ တောင့်၊ ကျည်ကာအင်္ကျီတထည်နဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာတာဖြစ်လို့ နိုဝင်ဘာ ၁၂ ရက်နေ့မှာ YRA-ထီးလင်းက ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်း နှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ အပါအဝင် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024