ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့မှာရှိတဲ့ အမှတ် ၃၄၆ စစ်လက်နက်ပစ္စည်းတပ်ခွဲ လက်နက်နဲ့ ယမ်းသိုလှောင်ရုံမှာ နိုဝင်ဘာ ၁၂ ရက် မနေ့ည ၇ နာရီက ဗုံးပေါက်ခဲ့ပြီး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိပြီး လက်နက်အကုန်နီးပါး ပါသွားတယ်လို့ ကက(နက်)ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မနေ့ည ၇ နာရီခွဲက ရှမ်းမြောက်တိုက်ပွဲအတွက် စစ်လက်နက်တွေပေးပို့ဖို့ လက်နက်တွေ သယ်ထုတ်နေချိန် ဗုံးတလုံးကျပြီး ပေါက်ရာက ယမ်းတိုက်ကိုထိမှန်ခဲ့ပြီး အကုန်လုံး လောင်ကျွမ်းခဲ့တာလို့ စလန ၃၄၆ နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“လက်ရုံးတပ်တွေက အရင်က စစ်မတိုက်ရပေမဲ့ အခုကာလမှာ စစ်တိုက်ရတယ်။ လက်နက်တွေ ပို့ပေးရတယ်။ ရှမ်းမြောက်ကိုပို့ပေးရတာ။ ပို့ပေးမယ့်လက်နက်တွေ သယ်ထုတ်နေတုန်း ဗုံးတလုံး error ဖြစ်ပြီး အောက်ကိုကျပြီး ပေါက်တာ။ ဖြစ်စဥ်မှာ တဦးသေတယ်၊ နှစ်ဦးဒဏ်ရာရတယ်။”
ပေါက်ကွဲခဲ့တဲ့ သိုလှောင်ရုံမှာ လက်နက်ငယ်မျိုးစုံကျည်တွေ၊ ဖောက်ခွဲဖျက်ဆီးရေးသုံး ပစ္စည်းတွေ၊ အကူယမ်းထုပ်တွေ၊ ၈၀ မမ လေကွဲခွင်းဒုံးကျည်တွေရှိပြီး အကုန် မီးလောင်ဆုံးရှုံးသွားတယ်လို့ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးမှ အမည်မဖော်လိုသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဒုကာချုပ်ကိုင်ထားတဲ့ လက်ရုံးတပ်တွေဆိုတော့ ပြဿနာကြီးတယ်။ Drope ဗုံးနဲ့ လာချလို့ ဖြစ်သွားတာဆို တော်သေးတယ်။ ပေါ့ဆမှုကြောင့် ဖြစ်တာဆိုတော့ ဖြစ်စဥ်ကို စုံစမ်းနေတယ်။ ရှိသမျှလက်နက်တွေ အကုန်ပါသွားတာ။ သေတာ ဒဏ်ရာရတာကို အထက်လူကြီးတွေက စိတ်ဝင်စားမှာ မဟုတ်သလို ထုတ်ပြန်မှာလည်းမဟုတ်ဘူး။”
အဆိုပါပေါက်ကွဲမှုကို မိုင်းခတ်တပ်နယ်၊ စလန ၃၄၆၊ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီကျော်မှာ မီးငြိမ်းသွားပေမဲ့ စစ်လက်နက်ပစ္စည်း အကုန်ပါသွားတယ်လို့ မိုင်းဆတ်တပ်နယ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကလည်း ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့ရှိ NDAK ပြည်သူ့စစ်ရဲ့ လက်နက်သိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပြီး စစ်လက်နက်အမြောက်အမြား ဆုံးရှုံးခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။