အင်္ဂလိပ်ဒိုင်လူကြီးတွေကို သဘောမကျကြောင်း ဘရိုက်တန်နည်းပြ ဒီဇာဘီက ဝေဖန်ပြောကြားလိုက်ပါတယ်။
မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းက တယောက် အထုတ်ခံခဲ့ရပြီး ရှက်ဖီးယူနိုက်တက်ကို အိမ်ကွင်းမှာ တဂိုးစီ သရေရလဒ်သာ ကစားနိုင်ခဲ့တာပါ။
ပွဲချိန် ၆၉ မိနစ်မှာ ကွင်းလယ်ကစားသမား ဒါးဟောက် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရတဲ့အပေါ် နည်းပြဒီဇာဘီက မကျေမနပ် ဖြစ်ခဲ့တာပါ။
“ပွင့်ပွင့်လင်းလင်းနဲ့ ခပ်ရှင်းရှင်းပြောရရင် အင်္ဂလိပ်ဒိုင်လူကြီး ၈၀ ရာခိုင်နှုန်းလောက်အထိ ကျနော် သဘောမကျပါဘူး။ ဒါက အမြင်သစ်တခုတော့လည်း မဟုတ်ပါဘူး။ သူတို့ရဲ့ ကိုင်တွယ်ပုံတွေကို မကြိုက်ဘူး။ ကွင်းထဲက သူတို့ရဲ့ အပြုအမူတွေကိုလည်း မကြိုက်ပါဘူး” လို့ နည်းပြ ဒီဇာဘီက ပြောပါတယ်။
အင်္ဂလန်နိုင်ငံမှာ VAR စတင်အသုံးပြုတဲ့နိုင်ငံဖြစ်ပေမဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်ခြင်း မရှိသေးကြောင်း၊ တခြားနိုင်ငံတွေမှာတော့ ရာနှုန်းပြည့် မှန်ကန်နေဆဲဖြစ်ပြီး အင်္ဂလန်ဒိုင်တွေရဲ့ ကိုင်တွယ်ပုံအပေါ် နားမလည်နိုင်ကြောင်း နည်းပြဒီဇာဘီက ဝေဖန်သွားခဲ့ပါတယ်။
Photo-Reuters