ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီမြို့သစ် ဌ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီနေ့ညနေ ခြောက်နာရီကျော်က ဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့ညနေ ခြောက်နာရီကျော်က ဝေဘာဂီမြို့သစ် ဌ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နဲ့ မလှမ်းမကမ်းမှာ ဗုံးပေါက်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"လူထိခိုက်မှုတော့မရှိဘူး။ စစ်တပ်ရော၊ ရဲရော လမ်းပိတ်ပြီး စစ်ဆေးနေတယ်။ အရင်ရက်တွေကလည်း ဗုံးပေါက်ထားတော့ စစ်ဆေးတာတွေ ကြမ်းနေတယ်။ ဌ ရပ်ကွက်ရုံးက ဗုံးအမြဲပေါက်နေကြ။"
လက်တလောမှာ ဝေဘာဂီလမ်းမကြီး၊ ခြောက်ကွေ့လမ်းဆုံနဲ့အမှတ် ၃ လမ်းဆုံတွေမှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၀ ရက်ကလည်း မြောက်ဥက္ကလာပမြို့နယ် ဆ ရပ်ကွက် သမာဓိလမ်းမပေါ်ရှိ မြို့နယ်ဥပဒေရုံးရှေ့မှာ ဗုံးပေါက်ကွဲခဲ့တဲ့ဖြစ်စဥ်လည်းရှိပါတယ်။
အလားတူ အဲ့ဒီနေ့ညမှာပင် ရွှေဆိုင်မှဆိုင်သိမ်းပြီး ပြန်လာတဲ့ ၁ ရပ်ကွက်သုမိတ္တာ ၂၂ လမ်းမှာနေထိုင်တဲ့ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးကို အမည်မသိ အမျိုးသားသုံးဦးက သေနတ်နဲ့ပစ်ခတ်ပြီး သိန်း ၁ သောင်းခန့်တန်ဖိုးရှိ ရွှေထည်တွေကို လုယက်ခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။