မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ အယောက် ၂၀ လောက်သေဆုံးပြီး စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာလည်း ပျူစောထီးစခန်းတိုက်ခိုက်ခံရပြီး ၈ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကန့်ဘလူမြို့တောင်ဘက် ထန်းကုန်းတိုက်နယ်က ဝက်တိုး(မ)ရွာ ပျူစောထီး အထိုင်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၁၁ ရက် ညပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးတွေ သေဆုံးသလို လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတယောက်က “ရှေ့တန်း ရဲဘော်တွေတော့ ပြန်မရောက်ကြသေးဘူးရယ်။ လက်နက်တွေရတယ်လို့တော့ သိထားရတယ်ပေါ့။ ပျူစောထီး ၈ ဦး သေပြီး ၄ ဦး ဒဏ်ရာရတယ်။ ကိုယ့်ဘက်ကတော့ အကျအဆုံး မရှိခဲ့ဘူး။ သိမ်းဆည်းရမိတဲ့ လက်နက်ပုံ အသေးစိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ ထုတ်ပြန်ပေးပါလိမ့်မယ်” လို့ ပြောပါတယ်။
အခုလို တိုက်ခိုက်ခံရလို့ ကန့်ဘလူမြို့ ၆၀၀၆ တင့်ကားတပ်ရင်းက ဟောင်ဝှစ်ဇာ လက်နက်ကြီးနဲ့ ၄ ကြိမ်တိတိ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေး ခေါင်းဆောင်တွေက ပြောပါတယ်။
နိုဝင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့ကလည်း ကန့်ဘလူမြို့နယ်မြောက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာတွေရှိခဲ့ပြီး ဦးဝါသဝဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဝင်အယောက် ၇၀ လောက် သေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာတော့ နိုဝင်ဘာ ၉ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ လောက်သေဆုံး၊ အများအပြား ဒဏ်ရာရခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF ဆီကနေ သိရပါတယ်။
နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ကာ မြေပြင်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၄ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား အယောက် ၂၀ လောက် သေဆုံး၊ အများအပြား ဒဏ်ရာရရှိခဲ့ပြီး PDF ရဲဘော်တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က သေဆုံးအထိနာသူများပြားလို့ သူတို့အထိုင်ချတပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းဝင်းက ထွက်ပြေးတာကြောင့် မဟာမိတ်တပ်ဖွဲ့တွေ ကျောင်းဝန်း အခြေထိ ကပ်နိုင်ခဲ့ပြီး စခန်းသိမ်းဖို့ မိနစ်ပိုင်းအလိုမှာ စစ်ကောင်စီဘက်က တပ်ကူတွေလိုက်လာလို့ ညနေ ၆ နာရီကျော်လောက်မှာ ပြန်လည် ဆုတ်ခွာခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။