Home
မြန်မာသတင်း
ညောင်ခါးရှည်ဂိတ်၌ ယာဉ်တန်းပိတ်ဆို့မှုကြောင့် ကုန်ပစ္စည်းများ ပျက်စီး
DVB
·
November 11, 2023

ပဲခူးတိုင်း၊ ဝေါမြို့နယ် ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီက စစ်ဆေးတဲ့အချိန်ကြာတာနဲ့ ကားတွေ စည်းကမ်းတကျမမောင်းကြတာကြောင့် ဟင်းသီးဟင်းရွက်နဲ့ အသားငါးလို ကြာကြာမခံတဲ့ ပစ္စည်းတွေ ပုပ်သိုး ပျက်စီး ကုန်တယ်လို့ ကားသမားတွေဆီက သိရပါတယ်။

နိုင်ငံအနှံ့မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ညောင်ခါးရှည် X-Ray ဂိတ်မှာ ‌နိုဝင်ဘာ ၃ ရက်နေ့ကစပြီး ကားတွေကို အသေးစိတ်စစ်ဆေးတာကြောင့် အချိန်ကြာမြင့်ပြီး ၂ ညအိပ်၊ ၃ ရက်လောက် စောင့်ဆိုင်းနေကြရတာပါ။

ဒါကြောင့် ငါး၊ ပုဇွန်နဲ့ အေးခဲအသားတွေ ရေခဲပျော်ပြီး ပုပ်သိုးပျက်စီးတာတွေဖြစ်တယ်လို့ စံပြငါးဈေးက ငါးကားမောင်းသူတဦးက ပြောပါတယ်

"ဂိတ်မှာက အ‌စစ်အဆေးလည်း တင်းကျပ်သွားသလို တယောက်နဲ့ တယောက် လုမောင်းနေတာလည်းရှိတော့ယာဉ်တန်းက ၅ ထပ်၊ ၆ ထပ်လောက် ဖြစ်ပြီး ထွက်လို့မရတော့တာ။ အဲနေရာက ကွင်းပြင်ကြီးလေ၊နေက ပုံမှန်ထက်ပိုပူတော့ ရေခဲတွေပျော်ပြီး အသားငါးတွေ မလတ်ဆတ်တာတို့၊ ပုပ်သိုးတာ‌တို့ရတာပေါ့။ အရင်က ရန်ကုန်စံပြငါးဈေးနဲ့ ကျိုက်ထိုနဲ့ဆိုရင် ၃ နာရီလောက်ပဲ မောင်းရတယ်။ရန်ကုန် မနက် ၆ နာရီလောက်ထွက်ရင် ကျိုက်ထိုကို မနက် ၉ နာရီ ၁၀ နာရီဆိုရောက်ပြီ။အခုဆိုရင် ညဘက်ရောက်ရင်တောင် တော်တော်ကံကောင်းတယ်ဆိုရမှာ" လို့ ပြောပါတယ်။ငါး၊ ပုဇွန်နဲ့အသားတွေ ပျက်စီးတာနည်းအောင် ရေခဲကို ၂ ဆ၊ ၃ ဆထည့်နေရတာကြောင့်ကုန်ကျစရိတ် ပိုများသွားပြီး  အသား၊ ငါးတွေဈေးတက်လာတယ်လို့လည်း သူက ပြောပါတယ်။

နယ်က ကုန်သည်တယောက်ကလည်း “ကုန်က မှာထားရင် ၂ ည ၃ ညမှ ရောက်ရင် ပန်းတွေဆို ဒီရောက်တာနဲ့ နွမ်းပြီ။ ရောင်းတာ အဆင်မပြေဘူး။ တခြား သားငါးတွေလည်း အချိန်မီ မပို့နိုင်ရင် လမ်းမှာပဲ ရက်လွန်ရင် ပုပ်ကုန်တာနဲ့ကြုံရတယ်” လို့ ပြောပါတယ်။

ကုန်စိမ်းရောင်းဝယ်သူတယောက်ကတော့ အခုလို့ ကြန့်ကြာနေတဲ့အတွက် ပုပ်သိုးလွယ်တဲ့ ဟင်းသီးဟင်းရွက်တွေ တင်ပို့တာကို ခဏ ရပ်ထားတယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့ကလည်း X-Ray ဂိတ်မှာ အချိန်ကြာ စောင့်ဆိုင်းနေရတဲ့အတွက် ဆီဘောက်ဆာမောင်းတဲ့ ကားသမားတဦး လေဖြန်းသွားတယ်လို့ ဒေသခံ ပရဟိတသမားတွေက ပြောပါတယ်။

ဒါ့အပြင် အဲဒီဂိတ်က ဖြတ်သွားရတဲ့ ခရီးသည်တွေအတွက်လည်း အစားအသောက်၊ သောက်ရေနဲ့အပေါ့အပါးသွားဖို့အတွက် အခက်အခဲတွေရှိတယ်လို့ ခရီးသွား တယောက်က ပြောပါတယ်။

ညောင်ခါးရှည် X-Ray ဂိတ်အပြင် ကျိုက်ထို မရမ်းချောင် စစ်ဆေးရေးဂိတ်မှာလည်းရဲတွေက ခရီးသည်တင်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေကို အသေးစိတ် စစ်ဆေးနေတဲ့အတွက်  လမ်းပိတ်ဆို့နေပါတယ်။

အခုလို လမ်းပိတ်ဆို့နေတာကြောင့် မွန်ပြည်နယ်အတွင်း စက်သုံးဆီတွေ ပြတ်လပ်တာကိုပါ ကြုံနေရတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024