ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတပ်ဖွဲ့တွေက နက်နက်ရှိုင်းရှိုင်း စစ်ဆင်ရေး လုပ်ဆောင်နေချိန် ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဂါဇာကမ်းမြောင် ဒေသခံ ၁ သိန်းကျော်လောက်ဟာ တောင်ဘက်ကို ထွက်ပြေးခဲ့ကြကြောင်း စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက နိုဝင်ဘာ ၁၀ ရက်မှာ ပြောကြားပါတယ်။
“ဒါဟာ ဂါဇာကမ်းမြောင်ဒေသမှာ နေထိုင်သူတွေအတွက် စည်းစနစ်တကျ ဖြစ်နေပြီးတော့ တိုက်ပွဲတွေကို ဝင်မစွက်ဖက်တဲ့ပုံစံဖြစ်တာကြောင့် အကြမ်းဖက်သမားတွေကို တွန်းလှန်နိုင်စေတဲ့ အခြေအနေကို တိုးတက်စေပါတယ်”လို့ ဟာဂါရီက ပြောပါတယ်။
ဒုတိယအနေနဲ့က လူသားချင်းစာနာမှု အပိုင်းဖြစ်ပြီး၊ အကူအညီတွေက အီဂျစ်နိုင်ငံ၊ အီဂျစ်လမ်း ကြောင်း၊ အမေရိကန်နဲ့ အာရပ်ကမ္ဘာရှိ တခြားအလှူရှင်နိုင်ငံတွေကနေ လာတယ် လို့ ဆိုပါတယ်။
သူတို့တွေက စားနပ်ရိက္ခာ၊ ဆေးဝါး၊ ရွက်ဖျင်တဲတွေနဲ့ ကွင်းဆင်းဆေးရုံတွေကို ထူထောင် ပေးနေကြောင်းနဲ့ အနာဂတ်ကာလမှာ အကြမ်းဖက်ခြိမ်းခြောက်မှုတွေ လျော့ပါးသွားချိန်ကျရင် ဆေးရုံတွေကိုလည်း အများအပြား တည်ထောင်လာမှာဖြစ်ပြီး ဒါတွေအားလုံးက ဂါဇာ တောင်ဘက်မှာ ရှိနေမယ် လို့လည်း ဆိုပါတယ်။
အဲဒီအချက် ၂ ချက်က ဟားမတ်စ်အကြမ်းဖက်သမားတွေကို ပိုပြီး ထိထိရောက်ရောက် တိုက်ဖျက်နိုင်မှာပါ လို့လည်း ဟာဂါရီက ပြောပါတယ်။
ဂါဇာကမ်းမြောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် အမျိုးမျိုးသော ကြိုးပမ်းအားထုတ်မှုတွေကို အချိန်တိုင်း လုပ်ဆောင်နေတာ ဖြစ်ပြီး ဒီကြိုးပမ်းမှုဟာ အချိန်ယူရ ကြောင်း ဟာဂါရီက ရုပ်မြင်သံကြားမှ ရုပ်သံသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဓားစာခံတွေ သူတို့အိမ် သူတို့ပြန်ရောက်ကြဖို့ ဘယ်အခွင့်အရေး တခုကိုမှ လက်လွတ်ခံမှာ မဟုတ်ကြောင်းနဲ့ လူထုအနေနဲ့ တရားဝင် အစ္စရေးရဲ့ ကြေညာချက်တွေကိုသာ လိုက်နာဖို့နဲ့ ဆက်သွယ်ဖို့ ကိစ္စတစုံတရာ ရှိရင်လည်း မိသားစုတွေဆီ အရင်ဆက်သွယ်မှာဖြစ်ပြီး ပြီးတော့မှ ဆက်သွယ်ရေးလမ်းကြောင်းတွေကတဆင့် အများပြည်သူကို ဆက်သွယ်မယ်လို့လည်း ဆိုပါတယ်။
“ဒီစစ်ပွဲက မပြီးသေးဘူး။ သိသိသာသာ အချိန်ပိုကြာပါလိမ့်မယ်”လို့လည်း ဟာဂါရီက ပြောပါတယ်။
Source/Photo-Reuters