
တစ်လေးလုံးလှုပ်ရှားမှုနေ့မှာ ရန်ကုန်မြို့ရှိ စျေးတွေမှာ အောင်သပြေပန်းတွေ ဝယ်ယူသူများပြားခဲ့ပြီး ဆိုင်တချို့ စောစောစီးစီး ရောင်းကုန်သွားခဲ့တယ်လို့ ပန်းသည်တွေထံက သိရပါတယ်။
အောင်သပြေပန်းတွေကို မနေ့ကတည်းက ကြိုတင်ဝယ်ယူတာတွေရှိခဲ့ပြီး ဒီနေ့မှာလည်း တကူးတက စောင့်ဆိုင်းဝယ်သူတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
တောင်ဥက္ကလာပမြို့နယ်က ပန်းသည်တဦးက "သပြေပန်းကြီးဘဲ ဝယ်တဲ့သူတွေရှိသလို တခြားပန်းနဲ့ တွဲဝယ်သွားကြတာတွေလည်းရှိတယ်။ တခြားဆိုင်တွေကတော့ မနက်အစောပိုင်းလောက်ကတည်းက ပစ္စည်းပြတ်သွားတယ်"လို့ ပြောပါတယ်။
“၁၀၂၇ လှိုင်းတွေကို အောင်သပြေနဲ့ကြိုဆို ဖက်ဆစ်စစ်တပ်ကိုစွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလှုံကြ” ဆိုတဲ့ လူထုလှုပ်ရှားမှုမှာ လူထုတရပ်လုံး ပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်း နှိုးဆော်ထားခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့မှာ တစ်လေးလုံး အထိမ်းအမှတ်အနေနဲ့ သပြေညို လှုပ်ရှားမှုအဖြစ် သပြေပန်းပန်တာ၊ ဘုရားပန်းကပ်တာပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
အဲဒီလို သပြေပန်းလှုပ်ရှားမှုကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးမှာကိုလည်း ပန်းသည်တချို့က စိုးရိမ်နေသလို ဝယ်ယူသူတချို့ကလည်း ပေါ်ပေါ်ထင်ထင် သယ်မသွားရဲတာတွေရှိနေတယ်လို့ သိရပါတယ်။
ကမာရွက်မြို့နယ်မှာ နေထိုင်သူတဦးက "အိမ်ကတော့ မနေ့ကတည်းကကြိုဝယ်ထားတာ။ ဒီနေ့ဆိုရင် ပြဿနာရှာမှာစိုးလို့"လို့ ပြောပါတယ်။
ဒီနေ့မနက် အောင်သပြေပန်းဝယ်သူတွေကို စစ်ကောင်စီတပ်ကစောင့်ကြည့်တာတွေ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဖမ်းဆီးခံရတဲ့ သတင်းတွေကတော့ လက်ရှိအချိန်အထိ မကြားသိရသေးပါဘူး။
အဲဒီလှုပ်ရှားမှုကို ပြည်တွင်းက ပြည်သူတွေရော ပြည်ပရောက်မြန်မာတွေပါ တက်တက်ကြွကြွ ပါဝင်နေကြပြီး သပြေပန်းပုံတွေကို ကိုယ်ပိုင်လူမှုကွန်ရက်အသီးသီးမှာ မျှဝေတင်ထား ကြပါတယ်။