ဆူဒန်နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုမိုဆိုးရွားလာပြီး အနောက်ပိုင်းဒေသ ဒါဖှာမှာ လူမျိုးရေးအကြမ်းဖက်မှုတွေလည်း ပြင်းထန်လာတာကြောင့် ဆူဒန်မှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုဟာ လုံးဝကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေကြပြီ လို့ ဆူဒန်နိုင်ငံရှိ ကုလသမဂ္ဂထိပ်တန်းအကူအညီပေးရေး အရာရှိ ကလီမန်တိုင်း နက်ကွေတာ-ဆီလာမီ က နိုဝင်ဘာ ၁၀ ရက်မှာ သတိပေးခဲ့ပါတယ်။
လိင်ပိုင်းဆိုင်ရာနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုတွေနဲ့ အတင်းအကြပ် ပျောက်ဆုံးမှု၊ မတရား ဖမ်းဆီးမှုတွေနဲ့ လူသားနဲ့ ကလေးသူငယ် အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခံရမှု ထိတ်လန့် တုန်လှုပ်စရာ အစီရင်ခံစာတွေကို ဆက်လက် လက်ခံ ရရှိနေပါတယ် လို့ ကုလသမဂ္ဂ အကြီးတန်းအရာရှိ နက်ကွေတာ- ဆီလာမီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အရပ်သားတွေကို အကာအကွယ်ပေးရေးဟာ အဓိက စိုးရိမ်စရာ ဖြစ်နေပြီ လို့လည်း သူက ဆိုပါတယ်။
ခရီးသည်တင် ကားပေါ်မှာ လိုက်ပါစီးနင်းလာတဲ့ အမျိုးသမီးတွေကို ကားပေါ်ကနေ ဆွဲချခံရပြီး တချို့ဆိုရင် သူတို့အမေတွေရဲ့မျက်စေ့ရှေ့မှောက်မှာပဲ အဓမ္မပြုကျင့်ခံရတာတွေကိုလည်း ကြားသိနေရကြောင်းနဲ့ ဒါတွေဟာ အမှန်တကယ်ကို ဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတချို့ရဲ့ သဘောသဘာဝတွေပဲ လို့လည်း ဆိုပါတယ်။
ဆူဒန်နိုင်ငံမှာ စစ်အုပ်ချုပ်ရေးမှ အရပ်သားဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးရဲ့ တစိတ်တပိုင်း အဖြစ် တပ်ဖွဲ့တွေ ပေါင်းစည်းရေး အစီအစဉ်နဲ့ပတ်သက်ပြီး သီတင်းပတ်ချီ စစ်ဘက် တင်းမာမှုတွေ မြင့်တက်လာပြီးနောက် ဧပြီလ ၁၅ ရက်က ဆူဒန်စစ်တပ်နဲ့ အရံအမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တို့ စစ်ပွဲဖြစ်ပွားခဲ့တာပါ။
လူဦးရေရဲ့ ထက်ဝက်ကျော် ဖြစ်တဲ့ လူပေါင်း ၂၅ သန်းလောက်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ အကာအကွယ်တွေ လိုအပ်နေကြောင်းနဲ့ လူပေါင်း ၆ သန်းကျော်ဟာ သူတို့ရဲ့အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးကြရပြီးတော့ ဆူဒန်နိုင်ငံ အတွင်း သို့မဟုတ် အိမ်နီးချင်းနိုင်ငံတွေမှာ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရတယ် လို့လည်း နက်ကွေတာ-ဆီလာမီ က ဆိုပါတယ်။
အရံကာကွယ်ရေးတပ်ဖွဲ့ RSF ဟာ ပြည်နယ်မြို့တော် အယ်လ်ဂျီနီနာရှိ ပင်မစစ်တပ်အခြေစိုက် စခန်းကို သိမ်းပိုက်ချိန်မှာ အနောက်ဒါဖာဒေသမှာ လူမျိုးရေးအရ တွန်းအားပေး သတ်ဖြတ်မှုတွေ တိုးမြင့်လာကြောင်း ချဒ် ကို ထွက်ပြေးလာသူတွေက အစီရင်ခံတင်ပြခဲ့ကြပါတယ်။
Source/Photo-Reuters