အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးအဖွဲ့ (OFAC) ကနေပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဘဏ္ဍာရေးဝန်ဆောင်မှုတွေ မပေးဖို့ ပိတ်ဆို့အရေးယူမှု အသစ်တစ်ခုကို ထပ်မံချမှတ်လိုက်တာရှိပါတယ်။ MOGE ဟာစစ်တပ်အတွက် နိုင်ငံခြားငွေ ကိုဘီလီယံနဲ့ ချီပြီး ရှာဖွေပေးနေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ဒီပိတ်ဆို့အရေးယူမှုကတော့ လာမယ့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ စတင် အသက်ဝင်မှာဖြစ်ပါတယ်။
ဒီပိတ်ဆို့အရေးယူမှုဟာ ဘယ်လောက်အတိုင်းအတာအထိ သက်ရောက်မှုရှိမလဲ၊ စစ်ကောင်စီရဲ့ လုပ်ဆောင်နိုင်မှုတွေကို ဘယ်လောက်ထိ ကန့်သတ် ထိန်းချုပ်နိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး မြန်မာ့အရေး တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်မစ္စတာ တွမ်အန်ဒရူးစ်ကို ဒီဗွီဘီ သတင်းဌာနမှ မယမင်းမြတ်အေးက တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ပထမဦးဆုံးမေးချင်တာကတော့ ဒီအရေးယူပိတ်ဆို့မှုက စစ်ကောင်စီအပေါ်မှာ ဘယ်လောက်အထိသက်ရောက်မှု ရှိသလဲဆိုတဲ့အချက်ဖြစ်ပါတယ်။
ဖြေ။ “ကျနော်တို့ ပြောလို့ရတာကတော့ ဒါက မှန်ကန်တဲ့လမ်းကြောင်းကို ဦးတည်နေတဲ့ အရေးပါတဲ့ ခြေလှမ်းပါ။ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ဆိုတာက စစ်ကောင်စီအတွက် တစ်ခုတည်းသော အဓိက ဝင်ငွေရရှာဖွေပေးနေတဲ့ အဖွဲအစည်း ဖြစ်ပါတယ်။ စစ်ကောင်စီကို ဖိအားပေးနိုင်ဖို့ဆိုရင် ရေနံနဲ့ သဘ၀ ဓာတ်ငွေ့ကကလာတဲ့ ဝင်ငွေလမ်းကြောင်းကို ပဲဖြစ်ဖြစ်၊ တခြားသော ဝင်ငွေရလမ်းတွေကိုပဲ ဖြစ်ဖြစ် ဖြတ်တောက်ပစ်နိုင်ဖို့လိုပါတယ်။ အမေရိကန်ရဲ့ အခုခြေလှမ်းက ပြီးခဲ့တဲ့ နွေရာသီတုန်းက လုပ်ခဲ့တဲ့ အရေးယူပိတ်ဆို့မှုတွေရဲ့ နောက်ဆက်တွဲခြေလှမ်းဖြစ်ပါတယ်။
(ဥပမာ- ပြီးခဲ့တဲ့ ဇွန်လအတွင်းက ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ခဲ့ပါတယ်)။ တကယ်တော့ ဒီလို ငွေကြေးဝန်ဆောင်မှု လမ်းကြောင်းဟာ စစ်ကောင်စီအတွက် လိုအပ်တဲ့ လက်နက်ဝယ်ယူမှုစုဆောင်းမှုတွေ၊ လေယာဉ်ဆီ ဝယ်ယူမှုတွေအတွက် အဓိက ဝန်ဆောင်မှုပေးနေတဲ့ အရင်းအမြစ်တွေ ဖြစ်ပါတယ်။
ဆိုလိုတာက မြန်မာရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံခြားကုန်သွယ်မှု ဘဏ်ပဲဖြစ်ဖြစ်၊ တခြားဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေပဲဖြစ်ဖြစ်၊ ဘယ်လမ်းကြောင်းကပဲ စစ်ကောင်စီရဲ့ အိပ်ထဲကို ရောက်သွားရောက်သွား၊ ဒီငွေတွေဟာ မြန်မာလူထုကို တိုက်ခိုက်ရာမှာအသုံးပြုနေတဲ့ လက်နက်ဖိုးတွေဖြစ်သွားမှာပါ။ ဒါကြောင့် သူတို့ဆီသွားမယ့် ဝင်ငွေရလမ်းတွေကို လုံး၀ ဖြတ်တောက်နိုင်ဖို့လိုပါတယ်။ အခုချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုကလည်း အဲဒီလို အနေအထားမျိုးရောက်ဖို့အတွက် နောက်ထပ်အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။”
မေး။ လူကြီးမင်းအနေနဲ့ ပိုမိုထိရောက်တဲ့၊ နိုင်ငံကြီးတွေအချင်းချင်း ပူးပေါင်းလုပ်ဆောင်တဲ့ အရေးယူပိတ်ဆို့မှုမျိုးကို အမြဲတမ်းတောင်းဆိုနေတာမျိုးလည်းတွေ့ရပါတယ်။ အခုဆိုရင် အမေရိကန်ကိုယ်တိုင်က အီးယူကပိတ်ဆို့အရေးယူလိုက်သလိုမျိုး MOGE ကို အရေးယူတာတွေ စပြီးလုပ်ဆောင်လာပါတယ်။ ကနေဒါနဲ့ ဗြိတိန်ကလည်း အမေရိကန်ပြည်ထောင်စုနဲ့ ပူးပေါင်းပြီးတော့ လုပ်ငန်းတွေ၊ လူပုဂ္ဂိုလ်တွေကို ဦးတည်ပြီးတော့ ပိတ်ဆို့အရေးယူမှုတွေ လုပ်လာတာတွေ့ရတယ်။ အဓိက မေးချင်တာက ကနေဒါနဲ့ ဗြိတိန်က MOGE ကို ပိတ်ဆို့ အရေးယူတဲ့အထဲမှာပါဝင် မလာသေးတာပါ။ သူတို့ ပါဝင်လာနိုင်ခြေ ရှိသလား ဆိုတာ သိချင်တာပါ။
ဖြေ။ “ကျနော်တို့ လမ်းကြောင်းမှန်ပေါ်မှာ ရွေ့လျားနေတယ်ဆိုတာတော့ ပြောလို့ရပါတယ်။ ဒါက သတင်းကောင်းပါ။ လိုအပ်ချက်တွေလည်ရှိပါသေးတယ်။ အဲဒါက ကျနော်တို့ လိုချင်တဲ့ အတိုင်းအတာအထိ မရောက်နိုင်သေးတာပါ။ အခုပူးပေါင်းအရေးယူမှုတွေကို ချမှတ်လိုက်တာက ဘာကို ညွှန်ပြနေသလဲဆိုတော့ သက်ဆိုင်ရာနိုင်ငံတွေအလိုက်သူတို့ ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေအတွက် တာဝန်ပေးထားတဲ့ စောင့်ကြည့်နေတဲ့ သီးခြားအဖွဲ့အစည်းတွေ ရှိနေတယ်ဆိုတာကို ညွှန်ပြနေတာပါ။ ဥပမာဆိုရင် ခင်ဗျားလည်း သိမှာပါ။ ကနေဒါအစိုးရဆိုရင် လေယာဉ်ဆီတင်သွင်းမှုနဲ့ အာမခံပေးတဲ့ကိစ္စတွေကအစ ကန့်သတ် ပိတ်ပင်လိုက်တာတွေ ရှိပါတယ်။ ဒါဟာဆိုရင် အတော်လေး ထိရောက်တဲ့ ခြေလှမ်းတစ်ရပ်ပါ။ အဲဒါမျိုးကို အမေရိကန်နဲ့ တခြားနိုင်ငံတွေကလည်း ထပ်ပြီးလုပ်ဆောင်ဖို့လိုတယ်လို့ မြင်ပါတယ်။ ဒါက ပထမအချက်ပါ။”
“ဒီနေရာမှာ အရေးယူပိတ်ဆို့မှုတွေ လုပ်ဖို့လိုသလို အရေးယူတဲ့နိုင်ငံတွေ များလာဖို့လိုပါတယ်။ ပြီးတော့ နိုင်ငံအချင်းချင်း အချိတ်အဆက်မိမိ လုပ်နိုင်ဖို့လည်းလိုပါတယ်။ နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ လက်တွေ့ထိရောက်အောင် လုပ်ဆောင်နိုင်ဖို့ဆိုတဲ့အချက်ပါ။ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားတဲ့ နိုင်ငံတွေအနေနဲ့လည်း ထိရောက်တဲ့အရေးယူမှုတွေ လုပ်နိုင်ဖို့၊ လိုအပ်တဲ့ အရင်းအမြစ်တွေအတွက် မြှုပ်နှံထားနိုင်ဖို့ လိုပါတယ်။ ပိတ်ဆို့အရေးယူမှုတွေကို ချမှတ်လိုက်ပေမဲ့ ထိရောက်အောင် မလုပ်နိုင်ဘူးဆိုရင် ဒါကို တကယ်ပိတ်ဆို့ အရေးယူတယ်လို့ ပြောလို့မရပါဘူး။ ကျနော်တို့အနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ဖို့ လိုပါသေးတယ်။ ဒီလိုမြှုပ်နှံမှုဆိုတာက ထိရောက်တဲ့ ယန္တရားတွေ ဖော်ဆောင်နိုင်ဖို့နဲ့ ဒီယန္တရားတွေအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ အတွက်ဖြစ်ပါတယ်။ ဒါမှလည်း သတင်းအချက်အလက်တွေ ဖလှယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပူးပေါင်း ဆောင်ရွက်မှုဟာ အရေးကြီးတဲ့အချက်ဖြစ်သလို မြန်မြန် ဆန်ဆန်လုပ်ဆောင် နိုင်ဖို့ကလည်း အရေးကြီးပါတယ်။”
မေး။ ပိတ်ဆို့အရေးယူမှုတွေလုပ်တယ်ဆိုပေမဲ့ နောက်ကနေထိရောက်အောင် စောင့်ကြည့်နိုင်တာမျိုး မရှိဘူးဆိုရင် အဲဒါတကယ်ပိတ်ဆို့အရေးယူတာ မဟုတ်ဘူးလို့ လူကြီးမင်းကပြောပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အဓိက အရေးကြီးတဲ့အစိတ်အပိုင်းတွေက ဘာတွေဖြစ်မလဲ။ လူပုဂ္ဂိုလ် တစ်ဦးချင်းလား၊ သီးခြားအဖွဲ့အစည်းတွေလား၊ အစိုးရကလား၊ ဘယ်သူက ပိုပြီးတာဝန်ရှိပါသလဲ။
ဖြေ။ “အားလုံးအရေးကြီးပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လုပ်ဆောင်ကြတဲ့ပုံစံ မတူညီကြတာတော့ ရှိပါတယ်။ ဒါပေမဲ့ဒါကိုထိရောက်အောင် အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံအလိုက် ယန္တရားတွေ၊ သီးခြားရပ်တည်နေတဲ့ အဖွဲ့အစည်းတွေ ရှိကြပါတယ်။ အရေးကြီးတာက သူတို့အချင်းချင်း ချိတ်ဆက်နိုင်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ပါ။ ဘယ်လို ပိတ်ဆို့မှုအမျိုးအစားပဲဖြစ်စေ၊ လူပုဂ္ဂိုလ် တွေကို ဦးတည်တဲ့ အရေးယူပိတ်ဆို့မှုဖြစ်စေ၊ ပူးပေါင်းဆောင်ရွက်နိုင်ဖို့လိုတာတော့ အမှန်ပါပဲ။ ကျနော်တို့ လမ်းကြောင်းမှန်ပေါ်မှာ ရောက်နေတယ်လို့ ယုံကြည်ပါတယ်။ တိုးတက်မှုတွေကို ကျနော်တို့မြင်နေရပါတယ်။ ဒါထက်ပိုပြီးတိုးတက်မှုတွေ ရရှိဖို့နဲ့ ပိုပြီးမြန်မြန်ဆန်ဆန် ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။”
မေး ။ အခု အမေရိကားကနေ MOGE ကို ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုက EU က လုပ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘယ်ဟာက ပိုပြင်းထန်တယ်ဆိုတာမျိုး ပြောလို့ရနိုင်မလား။
ဖြေ။ “အီးယူ ဆန်ရှင်ကတော့ MOGE ကို ပစ်မှတ်ထားတာပါ၊ အမေရိကန်ရဲ့ ပိတ်ဆို့မှုက MOGE ကိုသွားတဲ့ ငွေကြေးလမ်းကြောင်းတွေကို ပစ်မှတ်ထားပြီးပိတ်ဆို့တာပါ။ သူတို့မှာ လုပ်ရတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ သူတို့ တတ်နိုင်သမျှ တိကျအောင် လုပ်ဆောင်ချင်တဲ့ ပုံစံမျိုးရှိပါတယ်။ စစ်ကောင်စီဆီသွားမယ့် ဝင်ငွေဖြတ်ချင်တာမျိုးဆိုတော့ သက်ရောက်မှုကလည်း သူတို့လိုချင်တဲ့ပုံစံမျိုးကနေ သွေဖည်သွားလို့ မရပါဘူး။ တကယ်တော့ ကျနော်တို့ကလည်း စစ်ကောင်စီဆီသွားတဲ့ ဝင်ငွေကိုပဲ ဖြတ်တော့စေချင်တာပါ။ MOGE ကို အရေးယူမှုနဲ့ပတ်သက်ပြီး ဆွေးနွေးငြင်းခုန်စရာဖြစ်လာတာက ဒီလိုလုပ်လိုက်ခြင်းအားဖြင့် တခြားသူတွေကိုပါ သွားထိနိုင်သလားဆိုတာမျိုးပါ။"
"ဥပမာ ထိုင်းနိုင်ငံကိစ္စမှာ ဆိုရင် ဒီလိုလုပ်ခြင်းအားဖြင့် ထိုင်းနိုင်ငံမှာ ရှိနေတဲ့သူတွေအပေါ် သက်ရောက်မှုရှိမလား၊ ထိုင်းနိုင်ငံကို တင်ပို့နေတဲ့ ဓာတ်ငွေ့စီးဆင်းမှုအပေါ် သက်ရောက်မှု ရှိမလား၊ ထိုင်းနိုင်ငံရဲ့ ဝင်ငွေအပေါ် သက်ရောက်မှုရှိလာမလားဆိုတဲ့မေးခွန်းတွေရှိလာပါတယ်။ ကျနော့်အမြင်ကတော့ MOGE နဲ့ တိုက်ရိုက်ပတ်သက်မှု မရှိတဲ့အရာတွေအပေါ် သက်ရောက်မှုကို နည်းနိုင်သမျှ နည်းအောင် လျှော့ချနိုင်ဖို့အတွက် နည်းလမ်းတစ်ခုအနေနဲ့ ရွေးချယ်လုပ်ကိုင်ရတာမျိုးလို့ မြင်ပါတယ်။ ထိုင်းနိုင်ငံအပေါ်မှာသွားပြီး ထိခိုက်နိုင်တာမျိုးတွေကို အတတ်နိုင်ဆုံးလျှော့ချဖို့ လိုပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ တခြားနည်းလမ်းကို ရွေးချယ်ပြီး လုပ်ဆောင်တာမျိုး ဖြစ်သင့်ပါတယ်။ သဘာဝဓာတ်ငွေ့တင်ပို့မှုကို ဖြတ်တောက်တာမျိုးမဟုတ်ဘဲ စစ်ကောင်စီဆီသွားမယ့် ငွေတွေကိုသာ သွားလို့မရအောင် လုပ်တာမျိုးပါ။ ဥပမာ ဒီငွေတွေကို escrow account လို့ခေါ်တဲ့ သီးခြားအကောင့်တစ်ခုနဲ့ ထိန်းသိမ်းထားပြီး တစ်နေ့ တစ်ချိန် တရားဝင်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာရင် ပေးလို့ရအောင် လုပ်ဆောင်တာမျိုးဖြစ်ပါတယ်။ တစ်နေ့ မြန်မာနိုင်ငံမှာ တရားဝင် အစိုးရတစ်ရပ်ရှိလာပြီဆိုရင် ဒီငွေတွေဟာ ရေနံကပဲရရ၊ သဘော၀ဓာတ်ငွေ့ကပဲရရ၊ တွင်းထွက် ပစ္စည်းတွေကပဲရရ ၊ ဒါတွေက ပြည်သူလူထုရဲ့ ငွေတွေ ဖြစ်သွားမှာပါ။”
“ဘာကြောင့်လဲဆိုတော့ လက်ရှိအနေအထားမှာ ရာဇဝတ်ဂိုဏ်းက မြန်မာပြည်သူတွေပိုင်တဲ့ သဘာ၀သယံဇာတတွေကို ကိုယ့်ပြည်သူတွေကိုတိုက်ခိုက်ဖို့၊ တနည်းအားဖြင့် လက်နက်တွေဝယ်ဖို့ ခိုးယူနေတာကြောင့်ဖြစ်ပါတယ်။ ကျနော်နဲ့အတူ လက်တွဲလုပ်ဆောင်နေတဲ့ နိုင်ငံတကာ အစိုးရတွေကို ပြောပြတာကတော့ စစ်ကောင်စီဆိုတာ တကယ်တော့ ရာဇဝတ်ဂိုဏ်း တစ်ခုထက်မပိုပါဘူး။ တိုင်းပြည်ကို ပြန်ပေးဆွဲထားတဲ့သူတွေကို တရားဝင်အစိုးရတစ်ရပ်အဖြစ် သဘောထားလို့ မရပါဘူး။ အခုက ပြည်သူတွေပိုင်တဲ့ သယံဇာတတွေကို သိမ်းယူနေတာဖြစ်တယ်။ ဒါကြောင့် ဒီလိုရောင်းချလို့ရတဲ့ငွေတွေကို နောင်အနာဂတ်မှာ ပေါ်ပေါက်လာမယ့်၊ ပြည်သူကို အကာအကွယ်ပေးမယ့် တရားဝင်အစိုးရတစ်ခုအတွက် ထိန်းသိမ်းထားပေးဖို့ ကျနော် ပြောပြလေ့ရှိပါတယ်။”
မေး။ အနောက်နိုင်ငံတွေက စစ်ကောင်စီကိုရော သူနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေနဲ့ ပုဂ္ဂိုလ်တွေကိုပါ ပိတ်ဆို့အရေးယူမှုတွေ လုပ်ပါတယ်။ ဒါပေမဲ့ ကယ်ပေါက်တွေလည်း အတော် များများရှိနေပါသေးတယ်။ ဆိုတော့ ဒီလို ပြဿနာမျိုးကို ဖြေရှင်းရမယ့် အပိုင်းကကော နောက်ထပ်စိန်ခေါ်မှုတွေများ ဖြစ်လာမလား သိချင်ပါတယ်။
ဖြေ။ “စိန်ခေါ်မှုတွေကတော့ အများအပြားရှိနေပါသေးတယ်။ ကျနော်အမြင်ကတော့ ထိရောက်မှုကို အကောင်အထည်ဖော်တဲ့အပိုင်းမှာ ဒါကလည်းနောက်ထပ် အရေးကြီးတဲ့ တစ်ချက်ပါ။ ခပ်မြန်မြန်လုပ်နိုင်ဖို့လိုပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေ သိထားရမှာက အကောင်အထည်ဖော်မှု နှောင့်နှေးလေလေ သက်ရောက်မှု အားနည်းလေလေ ဖြစ်နိုင်ပါတယ်။ အဲလို ဖြစ်လေလေ ပြည်သူလူထုအပေါ်ကျရောက်နေတဲ့ အန္တရာယ်တွေ ပိုများလေလေပါပဲ။”
ဖြစ်နေတာတွေက တရားဥပေဒနဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဖြေရှင်းမယ်ဆိုတာနဲ့ ရတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ ဒါက လူတွေနဲ့ ဘဝတွေ၊ အသက်တွေနဲ့ ပတ်သက်နေပါတယ်။ ဒါကြောင့် ဒါကို သေရေး၊ ရှင်ရေးကိစ္စတွေလို့ မြင်ဖို့လိုပါတယ်။ သာမန်လုပ်ထုံးလုပ်နည်းဆိုင်ရာပြဿနာ၊ အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာ၊ ငွေကြေးရေးဆိုင်ရာ ပြဿနာမျိုး သက်သက်မဟုတ်ပါဘူး။ လူတွေရဲ့ အသက်တွေကို စိန်ခေါ်ခံနေရတာပါ။ ဒါကြောင့် အရေးယူမှု ကြာလေလေ၊ သေကျေမှုတွေ များလာလေလေ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရတွေ ကိုယ်တိုင် ဒါကို လေးလေးနက်နက်ဖြေရှင်းနိုင်ဖို့လိုပါတယ်။ မြန်မြန်လုပ်နိုင်လေလေ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်လေ ဖြစ်ပါလိမ့်မယ်။”
မေး။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ နောက်ထပ်မေးချင်တာကတော့ လက်နက်နဲ့ ဆက်စပ်ပါတယ်။ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှုတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ထပ်မံရရှိထားတာများရှိပါသလား။ အထူးသဖြင့် အာဆီယံနိုင်ငံတွေက ဖြစ်ဖြစ်၊ ဥပမာဆိုရင် မကြာသေးခင်ကသိရတဲ့ အင်ဒိုနီးရှားဥပမာမျိုးပေါ့။
ဖြေ။ “ပြောရမယ်ဆိုရင် ရှုပ်ထွေးနက်နဲမှုရှိပါတယ်။ ဒီကိစ္စမှာ အာဆီယံကိုယ်တိုင် ပြဿနာ ရှိနေတာပါ။ အကြောင်းတရားတွေတော့ အများကြီးရှိပါတယ်။ ကျနော်ပြောချင်တာကတော့ မြန်မာနိုင်ငံဟာ သူတို့အထဲက အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်ခုပါ။ ဒီနိုင်ငံမှာ ရှိနေတဲ့ ပြည်သူတွေကို ရာဇဝတ်ဂိုဏ်းတစ်ခုကနေ ပြန်ပေးဆွဲထားတဲ့အနေအထားမှာ၊ ဆိုးဝါးပြင်းထန်တဲ့ အကြမ်းဖက်မှုတွေသူ့အိမ်တံခါးဝကို ရောက်နေပါတယ်။ ဒါပေမဲ့သူတို့ သိပ်စိတ်မဝင်စားကြပါဘူး၊ မတည်မငြိမ်ဖြစ်နေတဲ့ အရာတွေပေါ်မှာလည်း သူတို့ သိပ်စိတ်မဝင်စားဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာဟာ အာဆီယံဒေသအတွက် ဘာမှ သိပ်အရေးမပါလို့ပါပဲ။ ဒါကအာဆီယံရဲ့ ပြဿနာပါပဲ။ အာဆီယံနိုင်ငံတွေအနေနဲ့ ဦးစားပေးလုပ်ဆောင်ရမယ့်အရာကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘုံသဘောတူညီမှု တစ်ခုရှာနိုင်ဖို့ပါ။ အဲဒီ သဘောတူညီမှုကလည်း အာဆီယံက ချမှတ်ထားတဲ့ ငါးချက်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ရမှာပါ။ အဲဒါကတော့ အကြမ်းဖက်မှုတွေ ရပ်တန့်ရမယ်ဆိုတဲ့အချက်ပါ။ ဒါက သိပ်အရေးကြီးပါတယ်။ ဒါကို စစ်ကောင်စီက လုံး၀ ဂရုမစိုက်ဘဲ လက်မှတ်တောင် မှင်တောင်မခြောက်ခင် ချိုးဖောက်ပြီး ပြည်သူကို အကြမ်းဖက်နေတာပါ။ အခြေအနေကို အဖွဲ့ဝင်နိုင်ငံတွေအားလုံး လေးလေးနက်နက် နားလည်နိုင်ဖို့ အရေးကြီးပါတယ်။”
“ကျနော့်အမြင်ကတော့ အာဆီယံအနေနဲ့ သိသာထင်ရှားတဲ့ ရလဒ်တွေ ထွက်ပေါ်လာဖို့ လိုအပ်သလို ရှေ့တိုးလုပ်ဆောင်ရမယ်ဆိုတဲ့ အမြင်ရှိပါတယ်။ ဥပမာအားဖြင့်စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ တက်ခွင့်မပေးတာမျိုးတွေ လုပ်သလို ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့လည်းလိုပါတယ်။ ဖြစ်သင့်တာက စစ်ကောင်စီကို ကိုယ်စားပြုတဲ့ ဘယ်လိုအဆင့်မျိုးကိုမှ လက်မခံသင့်တာမျိုးပါ။ အာဆီယံအနေနဲ့ လုပ်လို့ရတာတွေ အများကြီးရှိပါတယ်။ အဲဒီအခွင့်အရေးကို သူတို့ အသုံးချနိုင်လိမ့်မယ်လို့တော့ ကျနော်မျှော်လင့်ပါတယ်။”
“ဖြစ်နေတာက အာဆီယံနိုင်ငံတွေကြားထဲမှာ အမြင်မတူတာပါ။ တချို့က စာမျက်နှာတစ်ခုလို ကျော်ပြီး ချန်လှပ်ခဲ့ချင်တာမျိုးပါ။ ပြီးတော့ ရောက်နေတဲ့ နေရာကနေစပြီး စစ်ကောင်စီနဲ့ ပြန်ပြီး ထိတွေ့ဆက်ဆံချင်ကြတာမျိုးတွေ ရှိပါတယ်။ အဲဒါက တော်တော်ဝမ်းနည်းစရာကောင်းတဲ့ မှားယွင်းမှု တစ်ခုပါ။ ဒီလိုလုပ်တာက မြန်မာပြည်သူတွေကို အဆုံးစီရင်လိုက်တာနဲ့ အတူတူပါပဲ။ အာဏာရှင်တွေကို ဆက်ဆံတဲ့အခါ သူတို့နဲ့ ထိုက်တန်တဲ့ ပုံစံနဲ့ပဲ ဆက်ဆံသင့်ပါတယ်။ တကယ်တော့ သူတို့က ရာဇဝတ်ဂိုဏ်းတစ်ခုထက် မပိုပါဘူး။ သူတို့ဟာ တရားဝင်အစိုးရလည်း မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်သူတို့ အသိအမှတ်ပြုလိုက်မယ်ဆိုရင်တော့ ပြည်သူလူထုအနေနဲ့ သောကပဋိဒေဝတွေ အကြာကြီးတောက်လောင်ရဦးမှာပါ။ မြန်မာပြည်သူလူထုအတွက် ကြီးမားပြင်းထန်တဲ့ နာကျင်မှုတွေ ခံစားရဖို့ အခြေအနေတစ်ခု ကိုဖန်တီးပေးလိုက်သလို ဖြစ်နေမှာပါ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ဘက်က မျှော်လင့်လို့ရတဲ့အနေအထားတစ်ခုကတော့ ပြည်သူလူထုကို စာနာပြီးတော့ စစ်ကောင်စီအပေါ်မှာ ထိရောက်ပြင်းထန်တဲ့ ဖိအားမျိုးပေးနိုင်မယ့်နိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်နိုင်ဖို့ဖြစ်ပါတယ်။ အဲလို လုပ်ခြင်းအားဖြင့် ပိုကောင်းတဲ့အနေအထားတစ်ခုကို တည်ဆောက်ယူရမှာပါ။ မြန်မာပြည်သူလူထုဘက်ကတော့ တကယ်ကို သိသာထင်ရှားတဲ့ သတ္တိနဲ့ ခံနိုင်ရည်စွမ်းအားကို ပြသနေတုန်းပါပဲ။ သူတို့ရဲ့ ပြင်းထန်တဲ့ ယုံကြည်ချက်ကိုလည်းဆုပ်ကိုင်ထားတုန်းပါပဲ။ ဒါကြောင့် မကြာတော့တဲ့ အနာဂတ်တစ်ခုမှာ မြန်မာပြည်သူတွေ သူတို့ဖြတ်သန်းနေရတဲ့ အိမ်မက်ဆိုးကြီးတစ်ခုကနေ လွတ်မြောက်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း တက်ကြွကြွ ဦးဆောင်ပါဝင် နိုင်ကြဖို့ မျှော်လင့်ပါတယ်။”
မေး။ နောက်ဆုံးအနေနဲ့ မြန်မာပြည်သူတွေနဲ့ ဘာသက်ပြီးဘာများပြောချင်တာ ရှိပါသလဲ။
ဖြေ။ “မြန်မာပြည်သူတွေကိုကျနော်တို့ မေ့မထားပါဘူး။ မြင်နေရတဲ့အနေအထားကတော့ ဒီနေ့ကမ္ဘာကြီးက မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေရဲ့ သန္နိဋ္ဌာန်ခိုင်မာမှုအပေါ်မှာ အာရုံစိုက်မှု သိပ်မရှိဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေပေမဲ့ အဲဒီလိုမဟုတ်ပါဘူး။ နိုင်ငံတကာအနေနဲ့ ဒီထက်ပိုပြီး လုပ်ဆောင်ပေးလို့ရတာတွေရှိတယ်လို့တော့ ကျနော်မြင်ပါတယ်။ ကျနော်လိုပဲ မြင်ကြတဲ့သူတွေ အများကြီးရှိမှာပါ။ နိုင်ငံတကာက လှမ်းနေတဲ့ခြေလှမ်းတွေ နှေးကွေးနေတယ်နေတဲ့ အပေါ် စိတ်ပျက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကိုလည်းနားလည်ပါတယ်။ ဒီလို နားလည်တဲ့အတွက်လည်း မြန်မာ့အရေးကို နေ့စဉ်ခေါင်းထဲမှာ အမြဲထည့်ထားပါတယ်။ ဒီထက်ပိုပြီး ပြင်ထန်တဲ့အရေးယူမှုတွေလုပ်ဖို့ ကုလသမဂ္ဂမှာ မဆုတ်မနစ် တောင်းဆို တင်ပြနေတာပါ။ အဓိက အရေးအကြီးဆုံးက မျှော်လင့်ချက် ဆက်ပြီး ဆုတ်ကိုင်ထားဖို့ပါ။ အခုလို သတ္တိရှိရှိနဲ့ အနာဂတ်အတွက် ရုန်းကန်လှုပ်ရှားမှုတွေကို ဆက်ပြီးလုပ်ဆောင်ကြဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သူတွေ၊ အထူးသဖြင့် ကလေးငယ်တွေဟာ ဒီအားထုတ် ကြိုးပမ်းမှုနဲ့ ထိုက်တန်တဲ့သူတွေပါ။ နိုင်ငံတကာအသိုက်အဝန်းကလည်း သူတို့လုပ်ဆောင်ရမယ့် တာဝန်တွေ၊ ဝတ္တရားတွေကို အထမြောက်အောင်လုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။”
အခုလိုဖြေကြားပေးတဲ့အတွက် တွမ်အန်ဒရူးစ်ကို ဒီဗွီဘီက ကျေးဇူးတင်ပါတယ်။