နျူကလီးယားဗုံးသယ်နိုင်၊ တာဝေးပျံနိုင်စွမ်းရှိတဲ့ ကိုယ်ပျောက်ဗုံးကြဲလေယာဉ်သစ်တွေပါတဲ့ အမေရိကန်လေတပ်ရဲ့ B-21 "ရိတ်ဒါ" ဗုံးကြဲလေယာဉ်ဟာ တာဝန်ထမ်းဆောင်ဖို့ နိုဝင်ဘာ ၁၀ ရက်က ပထမဆုံးအကြိမ် ပျံသန်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
နော့သ်ရုပ် ဂရမ်မန် ကော်ပိုရေးရှင်းက တည်ဆောက်ထားတဲ့ B-21 ဗုံးကြဲ လေယာဉ်အသစ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖန်းမ်ဒေးလ်မှာရှိတဲ့ လေတပ်ရဲ့ Plant 42 က နော့သ်ရုပ်စက်ရုံကနေ ထွက်လာခဲ့တာကို နေထွက်ချိန်မှာ မြင်တွေ့ရတာ ဖြစ်ပါတယ်။
လေတပ် ခေါင်းဆောင်တွေက B-21 လေယာဉ်ရဲ့ ပထမဆုံး ပျံသန်းမှုကို လူသိရှင်ကြား မထုတ်ပြန်ခဲ့ပေမဲ့ ဗုံးကြဲလေယာဉ်က ကောင်းကင်ပေါ် ပျံတက်သွားတာကို မြင်နိုင်တွေ့ရဖို့ ဒါဇင်ချီတဲ့ လေကြောင်း ဝါသနာရှင်တွေနဲ့ အပျော်တမ်း ဓာတ်ပုံဆရာ သုံးဦးလောက်က Plant 42 အနီးတဝိုက်မှာ သောကြာနေ့က စောင့်နေခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
B-21 ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ လူသိရှင်ကြား ထုတ်ပြခဲ့ပေမဲ့ ပထမဆုံး ပျံသန်းနိုင်ဖို့ တင်းကျပ်တဲ့ လုံခြုံရေးအောက်မှာ နှစ်ပေါင်းများစွာကြာအောင် တည်ဆောက်နေခဲ့ တာပါ။
B-21 လေယာဉ်ဟာ ပြုပြင်ထိန်းသိမ်းမှု အနည်းငယ်ပဲလိုအပ်ပြီး လည်ပတ်မှုကုန်ကျစရိတ်နဲ့ အချိန်ကုန်သက်သာစေဖို့ မျှော်လင့်ထားကာ တာရှည်ခံ၊ ကိုယ်ပျောက်နိုင်တဲ့ မျက်နှာပြင်ပစ္စည်း တွေလည်း ပါတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
Source/Photo-Reuters