ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ကင်ညာကြက်ခြေနီအဖွဲ့က ပြောကြားခဲ့ပြီး အရှေ့မြောက်ပိုင်းရှိ ဂါရစ်ဆာ မြို့မှာ နေထိုင်သူတွေ အိုးအိမ်စွန့်ခွာခဲ့ကြရပါတယ်။
ကြက်ခြေနီအဖွဲ့ရဲ့ ဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး မိုဟာမဒ်အဘ်ဒီကာဒီယာ က“ယေဘုယျအားဖြင့် ဒေသတွင်းအခြေအနေတွေက ဆိုးရွားနေပြီး နေရာရွှေ့ပြောင်းကြရသူတွေ ရှိနေတာကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အရေးပေါ် လိုအပ်နေပါတယ်” လို့ ပြောပါတယ်။
အဆက်အသွယ် ပြတ်တောက်နေတဲ့ နေရာတွေလည်း ရှိနေပြီး မိုးကလည်း နေရာအတိအကျ မဟုတ်ဘဲ ဒေသအနှံ့အပြားမှာ ရွာချနေတာလို့လည်း ဆိုပါတယ်။
ရေဘေးသင့်ရွာသား အဗ္ဗဒယ်လာဒူလိုက "ဒီရေကြောင့် အများကြီး ဒုက္ခရောက်ရပြီး အိမ်တွေ ပြိုပျက်၊ လယ်တွေရေမြုပ်ကုန်ပြီး ပစ္စည်းတွေ အများကြီး ဆုံးရှုံးသွားတယ်"လို့ ပြောပါတယ်။
ဂါရစ်ဆာမြို့ခံတွေဟာ သူတို့အိမ်တွေ ရေနစ်မြုပ်ကုန်တာကြောင့် ရေကြီးရေလျှံမှုတွေကြားမှာပဲ သွားလာနေရတာပါ။
ဒေသတွင်း ရေလွှမ်းမိုးမှုဟာ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နဲ့ အိန္ဒိယသမုဒ္ဒရာ ဒိုင်ပိုလ် ရာသီဥတု ဖြစ်စဉ်တို့ပေါင်းစပ်သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာတာလို့ နိုင်ငံတကာကပ်ဘေးအဖွဲ့ ICG မှ ရာသီဥတု လေ့လာသူ နာဇာနင်းမိုရှီရီက ပြောကြားခဲ့ပါတယ်။
အယ်လ်နီညိုနဲ့ အိန္ဒိယသမုဒ္ဒရာ ဒိုင်ပိုလ်ရာသီဥတုဖြစ်စဉ်တွေဟာ သမုဒ္ဒရာ မျက်နှာပြင် အပူချိန်ကို သက်ရောက်မှုရှိတဲ့ ရာသီဥတုပုံစံတွေဖြစ်ပြီး ပျမ်းမျှထက် ပိုလွန်တဲ့ မိုးရေချိန်တွေကို ဖြစ်ပေါ်စေပါတယ်။
ရာသီဥတု ဖောက်ပြန်မှုဟာ ပိုမိုပြင်းထန်လာပြီး မကြာခဏ ပြင်းထန်တဲ့ ရာသီဥတုဖြစ်ရပ်တွေကို ဖြစ်ပေါ်စေတယ် လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
Source/Photo-Reuters