မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက်က ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားတယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ ကနေ သိရပါတယ်။
ပေါက်မြို့နယ်၊ ရေပြာရဲစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတယောက်ကို နိုဝင်ဘာ ၁၀ ရက်နေ့မှာ မြိုင်မြို့နယ် ပကဖက ဖမ်းဆီးရမိခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားဟာ ခလရ ၂၅၁ တပ်ရင်းက တပ်သား ဝေယံမင်းထက် ဖြစ်ကာ သင်တန်းဆင်းပြီး စစ်ကြောင်းနဲ့အတူ ပါလာခဲ့ကာ ထွက်ပြေးလာတဲ့ အချိန်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ပေါက်မြို့နယ် ကံသစ်ကျေးရွာနားမှာလည်း နိုဝင်ဘာ ၂ ရက်က ခလရ ၂၅၁ တပ်ရင်းက စစ်ကြောင်းထွက်လာတဲ့ အချိန်မှာ ထွက်ပြေးလာတဲ့ တပ်သား ခင်မောင်ထွေးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေမှာတော့ လက်နက်ခဲယမ်းတွေ ပါမလာဘဲ သူတို့နှစ်ယောက်ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။