မလေးရှားနိုင်ငံ စလန်းကောပြည်နယ်၊ အမ်ပန်းမြို့မှာ မြန်မာလုပ်သားတယောက် ဟင်းချက်ရင်း ဂတ်စ်အိုးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တယ်လို့ သူနဲ့ နီးစပ်သူတွေထံက သိရပါတယ်။
နိုဝင်ဘာလ ၆ ရက်မှာ သူနေထိုင်တဲ့တိုက်ခန်းမှာ ဟင်းချက်ရင်း ဂက်စ်အိုးပေါက်ကွဲမှုဖြစ်ပြီး ထိခိုက် ဒဏ်ရာတွေရရှိခဲ့ကာ အမ်ပန်းဆေးရုံမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
သေဆုံးသူဟာ အသက် ၃၄ နှစ်အရွယ် ဆလိုင်းဇာဟုထန် ဖြစ်ပြီး ချင်းပြည်နယ် ဟားခါးမြို့ ဇာတိဖြစ်တယ်လို့သိရပါတယ်။
“နေတဲ့ တိုက်ခန်းမှာပဲ ဟင်းချက်နေရင်း ဂတ်စ်အိုးပေါက်ကွဲတာ ဒဏ်ရာတော်တော်ပြင်းတယ်၊ ဆေးရုံကြီးရောက်မှ ဆုံးသွားတာ” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
သေဆုံးသွားသူရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၂ နာရီမှာ အမ်ပန်းမြို့ဆေးရုံကြီးကနေ သယ်ဆောင်ပြီး ဒေသခံ ချင်းအမျိုးသားများ(C.R.C) ကွန်မြူနတီအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကာချမ်းမြို့မှာ ဆုတောင်းပွဲကျင်းပသွားမယ်လို့သိရပါတယ်။
နိုဝင်ဘာ ၁၁ ရက်မှာ ရုပ်အလောင်းကို မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ဟားခါးမြို့ကို ပြန်လည်ပို့ဆောင်သွားမယ်လို့ မြန်မာလူမှုကူညီရေးအသင်း(မလေးရှား) က ထုတ်ပြန်ထားပါတယ်။