ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့ရှိ ဂျူးကျောင်း နှစ်ကျောင်းမှာ ညပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းကလည်း တမြို့တည်းရှိ ကွန်ကော်ဒီယာတက္ကသိုလ်က ကျောင်းသားတွေအကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးကတော့ လတ်တလော အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ပြီး ကနေဒါမှာ အမုန်းတရားတွေအတွက် နေရာမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။
မွန်ထရီယယ်ရဲတပ်ဖွဲ့က သူတို့ဟာ မွန်ထရီရယ်ကို့တာ ဒေ-နေ့ရှ် ရပ်ကွက်ရှိ ဂျူးစာသင်ကျောင်း နှစ်ကျောင်းမှာ ညတွင်းချင်း ပစ်ခတ်မှုဖြစ်ပွားတာကို အပြည့်အဝ တာဝန်ယူ စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။
မနေ့မနက်ပိုင်းက ကျောင်းနှစ်ကျောင်းစလုံးရဲ့ ရှေ့တံခါးရွက်တွေမှာ ကျည်ဆန်ရာ အပေါက်တခုကို တွေ့ရှိခဲ့ကြောင်း အကြောင်းကြားထားတယ်လို့ ဒေသဆိုင်ရာ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေ မရှိသလို အဲဒီဖြစ်စဉ်တွေက ဆက်စပ်မှု ရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဗုဒ္ဓဟူးနေ့တုန်းက ကွန်ကော်ဒီယာတက္ကသိုလ်မှာ အစ္စရေးနဲ့ ဂါဇာရှိ ပဋိပက္ခနဲ့ပတ်သက်လို့ သဘောထား ကွဲပြားတဲ့ ဆန့်ကျင်ဘက်အုပ်စုနှစ်ခုအကြား အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရကြ၊ အဖမ်းခံရသူတွေရှိကြောင်း CBC သတင်းဌာနအရ သိရပါတယ်။
မွန်ထရီရယ်မြို့တော်ဝန် ဗာလရီ ပလန်တယ်က အဲဒီလုပ်ရပ်တွေကို လက်ခံမှာ မဟုတ်ကြောင်းနဲ့ ကြမ်းတမ်းပြီး အမုန်းပွားစရာ ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မွန်ထရီရယ် ဒုတိယရဲချုပ် ဗင်းဆင့်ရစ်ချတ်ကလည်း ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်အတွင်း အမုန်းတရား ကျူးလွန်မှုတွေ တိုးမြင့်လာခဲ့ကြောင်းနဲ့ ဝတ်ပြုရာနေရာ အနီးတဝိုက်မှာ တွေ့မြင်လွယ်ကူစေမယ့် အစီအမံတွေကို ရဲတပ်ဖွဲ့က တိုးမြှင့်လုပ်ဆောင်မယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အဖွဲ့ရဲ့ ကနဦးတိုက်ခိုက်မှုအပြီး ၃ ပတ်အတွင်းမှာ ဂျူးတွေနဲ့ မွတ်ဆလင်တွေအပေါ် အမုန်းပွားစေတဲ့ ရာဇဝတ်မှုတွေဟာ ၂၀၂၂ ခုနှစ်က အမှုစုစုပေါင်း အရေအတွက်ထက် ၂ ဆကျော် တိုးလာခဲ့ကြောင်းလည်း သိရပါတယ်။
Source/Photo-Reuters