စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ နိုဝင်ဘာ ၉ ရက်နေ့လယ်ပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးစုပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့နယ်ကနေ အင်းတော်မြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တုံစီကျေးရွာနဲ့ မြသီတာကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ တော်လှန်ရေး စုပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ဗန်းမော်ဘက်ကနေလာတဲ့ စစ်ကြောင်းကို နေ့လယ် ၁ နာရီလောက်မှာ တုံစီနဲ့ မြသီတာ ကျေးရွာနား ကြားဖြတ်တိုက်တာ။ စစ်တပ်ဘက်ကတော့ အင်အား ၈၀ ပတ်ဝန်းကျင်လောက် ရှိတယ်။ နှစ်ဖက် တိုက်ပွဲဖြစ်နေတုန်း စစ်တပ်ဘက်ကတော့ လက်နက်ကြီးနဲ့ ရွာတွေဘက်ကို ပစ်နေတယ်။ နှစ်ဖက် ထိခိုက်သေဆုံးတာတော့ ရှိမယ်။ သေချာတော့မသိဘူး၊ ကျနော်တို့လည်း ဘေးလွတ်ရာ ပြေးနေရတာ” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် မြသီတာကျေးရွာ၊ တုံစီ၊ ကျွန်းတော၊ မန်တုံနဲ့ ရွာသာရွာကျေးရွာ အပါအဝင် တိုက်ပွဲဖြစ်ပွားရာ အနီးနားက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် အင်းတော်မြို့နယ်က Non CDM ဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီတပ် ဝန်းအတွင်း ပြောင်းရွှေ့နေထိုင်တာတွေရှိသလို ဒေသခံပြည်သူအချို့ဟာလည်း ကသာမြို့ကို စွန့်ခွာပြီး မန္တလေး မြစ်ကြီးနား စတဲ့ တခြားမြို့တွေကို ပြောင်းရွှေ့နေထိုင်နေကြပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နမခစစ်တပ်ဌာနချုပ် အနီးမှာရှိတဲ့ ကံအိုရွာနဲ့ဆုံကုန်းရွာတို့မှာ နိုဝင်ဘာ ၉ ရက် ညနေ ၆ နာရီကျော်လောက် စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေစီကနေ သိရပါတယ်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ပုလ္လင်ရွာနဲ့ ခဝဲကျင်းရွာမှာ တပ်စွဲထားတာလို့ ဒေသခံတွေက ပြောပါတယ်။
“နမခစစ်တပ်ရုံးတွေကို အပြင်ကနေ လုံခြုံရေးယူပေးနေတဲ့ ကင်းစစ်ကြောင်းလို့ ပြောရမယ်။ သူတို့ နမခစစ်တပ် ပြည်သူ့ကာကွယ်ရေးတပ်တွေက အကြိမ်ကြိမ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ မပစ်အောင် ကင်းလှည့်နေတာ ကြာပြီဗျ။ မနေ့ကတော့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ကြတာ။ ကျနော်တို့ကတော့ တိုက်ပွဲဖြစ်တော့ အကုန်ထွက်ပြေးရတယ်။ နှစ်ဖက်အကျအဆုံးကတော့ စစ်တပ်ဘက်က ၁၀ ဦး ထိခိုက်ကျဆုံးတာတွေရှိတယ်။ ကာကွယ်ရေးတပ်ဘက်ကတော့ မရှိဘူးဗျ” လို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
စစ်တပ်ဘက်က အထိအခိုက် အကျအဆုံး ရှိနေတာကြောင့် ထိုးစစ်ဆင်ဖို့ ပြင်ဆင်မှုတွေလည်း နမခစစ်တပ်အတွင်းမှာ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ပုရစ်ဖာနိုင်းအုပ်စု၊ ပုရစ်ဖာနိုင်းကျေးရှာရှိ စစ်တပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) ဂိတ်စခန်းကို နိုဝင်ဘာ ၉ ရက် မနက် ၇ နာရီလောက်က တိုက်ခိုက်ခံခဲ့ရပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု ရှိတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ခန္တီးခရိုင် အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ တပ်ခွဲမှူးနဲ့ ခန္တီးခရိုင် အမှတ် ၁ တပ်ရင်း တပ်စုမှူးတို့ ဦးဆောင်ပြီး ဒေသတွင်း တော်လှန်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိပြီး ဂိတ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပေမဲ့ စစ်တပ်နဲ့ SNA က အင်အားအလုံးအရင်း စစ်ကူတွေရောက်လာကာ လက်နက်ကြီးပစ်ကူနဲ့ ပြန်လည်တိုက်ခိုက်လာတာကြောင့် သိမ်းပိုက်ရရှိထားတဲ့ ဂိတ်စခန်းကနေ ခွာစစ်ဆင်ကာ စစ်ဆိုင်ထားတယ်လို့ ဟုမ္မလင်းမြို့နယ် တော်လှန်ရေးတပ်ဖွဲ့က ပြောပါတယ်။
Hommalin People's Defence Force-HPDF အဖွဲ့ တာဝန်ရှိသူက “တိုက်ပွဲကြာချိန်ကတော့ ၁ နာရီဝန်းကျင်ရှိပြီး ဖာနိုင်းဂိတ်ပွိုင့် (46 R FN 9547242468) ကို သိမ်းပိုက်ရရှိခဲ့တယ်။ ဟုမ္မလင်း၊ နောင်ပိုအောင်၊ မြင်သာငိုးပင်း၊ ရွှေပြည်အေးနဲ့ သောင်သွပ်ဘက်ကနေ ရန်သူ့စစ်ကူတွေက သာခေါငေါရွာဘက်ကနေ သိမ်းယူထားတဲ့ ဂိတ်ပွိုင့်ကို ပြန်ပြီး ထိုးစစ်ဆင်လာခဲ့တယ်။ ရန်သူက လက်နက်ကြီးနဲ့ထုတဲ့အား များလွန်းလို့ မဟာမိတ်တပ်တွေ အောက်မှန်ကင်းအုပ်စု၊ စန်းဆိုင်ကျေးရွာဘက်ကနေ ခွာစစ်ဆင်ပြီး အခု စစ်ဆိုင်ထားတယ်။ ထိခိုက်ကျဆုံး အခြေအနေကတော့ ခန္တီးခရိုင် အမှတ် ၁ တပ်ရင်းက ရဲဘော်တဦး ကျဆုံးခဲ့ပြီး ခန္တီးခရိုင် အမှတ် ၂ တပ်ရင်းက ရဲဘော် လက်မောင်း သေနတ်ကျည်ထိမှန်ထားကာ HPDF-124 က ရဲဘော်တဦး လက်မောင်းကို ၄၀ မမကျည်စ (မစိုးရိမ်ရ) ထိမှန် ဒဏ်ရာရခဲ့တယ်” လို့ ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဘက်က ၃ ဦး ကျည်ထိမှန်ကာ ဆွဲထုတ်သွားပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိကြတယ်လို့ HPDF က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်နဲ့ SNA ဘက်ကတော့ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုတာမျိုး အရင်ကလည်း မရှိခဲ့သလို အခုလည်း ထုတ်ပြန်ပြောဆိုတာ မတွေ့ရသေးဘဲ ဒီဗွီဘီအနေနဲ့လည်း ထိခိုက်သေဆုံးတဲ့ အခြေအနေကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။