ဂါဇာရှိ ပါလက်စတိုင်းအစ္စလာမ္မစ်ဂျီဟတ်အဖွဲ့ရဲ့ အာလ်ကွတ်ဒ်စ် လက်နက်ကိုင်တပ်ဖွဲ့ဟာ အစ္စရေး ဓားစာခံ အမျိုးသမီးတဦးနဲ့ ယောက်ျားလေးတဦးတို့ကို လူသားချင်းစာနာမှုနဲ့ ဆေးဘက်ဆိုင်ရာ အကြောင်းပြချက်တွေနဲ့ ပြန်လွှတ်ပေးဖို့ ပြင်ဆင်နေကြောင်း အာလ်ကွတ်ဒ်စ်တပ်မဟာရဲ့ ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၉ ရက်မှာ ပြောပါတယ်။
“ဟန်နာကတ်ဇီယာဆိုတဲ့ အမျိုးသမီးကို ဆေးဝါးနဲ့ လောင်စာဆီနဲ့ လျှပ်စစ်ဓာတ်အား ပြတ်လပ်မှု ကြောင့် ဆေးကုသမှု မပေးနိုင်တဲ့အတွက် လူသားချင်းစာနာမှုနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ အတွက် လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေပြီး၊ ဆယ်ကျော်သက် ယာဂျီလ် ဂျက်ကော့ဘ်ကိုလည်း သူ့အသက် ငယ်ရွယ်သေးမှုကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေအတွက် လွှတ်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကြေညာလိုက်တယ်” ဆိုပြီး ပြောပါတယ်။
ဗီဒီယိုထဲမှာ သူတို့ဖမ်းဆီးထားတဲ့ ဓားစာခံ ၂၄၀ ထဲက သက်ကြီးရွယ်အို အမျိုးသမီးတဦးနဲ့ လူငယ် တဦးတို့ကို ပြသထားပြီး နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။
အကျဉ်းထောင်တွေထဲမှာ ရာနဲ့ချီတဲ့ ပါလက်စတိုင်း ကလေးငယ် အကျဉ်းသားတွေ ပြည့်နှက်နေတယ် ဆိုတာကိုလည်း မှတ်ထားဦး လို့လည်း အာလ်ကွတ်ဒ်စ် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
အစ္စရေးကတော့ အသစ်ထွက်ရှိလာတဲ့ ဗီဒီယိုတွေအရ အသက်ရှင်နေသေးတယ် ဆိုတဲ့ အရေးကြီးတဲ့ သတင်းစကား တခုအဖြစ် ဖော်ပြခဲ့ပြီး သူတို့ကို ပြန်လွှတ်ပေးလိမ့်မလား ဆိုတာကို ခန့်မှန်းဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဖမ်းထားသူတွေက ဓားစာခံတွေကို စိတ်ပိုင်းဆိုင်ရာ စစ်ပွဲ ကစားနေတာ လို့လည်း ဆိုလိုက်ပါတယ်။
IDF (အစ္စရေးကာကွယ်ရေးတပ်ဖွဲ့) ဟာ ထောက်လှမ်းရေး၊ စစ်ဆင်ရေးနဲ့ အရပ်သားတွေကို အမြင့်ဆုံးအဆင့်မှာထားပြီး အချိန်မဆိုင်း အချိန်တိုင်း လုံခြုံရေးယန္တရားတခုလုံးနဲ့အတူ လှုပ်ရှား နေတာဖြစ်ပြီး ဓားစာခံတွေကို ပြန်ခေါ်လာဖို့ အရင်ဆုံး ဦးစားပေး တတ်နိုင်သမျှ ကြိုးစားသွားမှာပါ လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ၊ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီယယ် ဟာဂါရီက ပြောပါတယ်။
Source/Photo-Reuters