ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်မှာ နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက ကြံခင်းကျေးရွာရာအိမ်မှူး အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုးမောက်မြို့ ကြေးနန်းရပ်ကွက်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီခန့် ရာအိမ်မှူး ဦးစိုးနိုင်ကို အမည်မသိ ဆိုင်ကယ်သမားက သေနတ်နဲ့ ပစ်ခတ်သွားတာဖြစ်ပြီး ဦးခေါင်းကျည်ထိမှန်ဒဏ်ရာနဲ့ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့တာပါ။
ကြေးနန်းရပ်ကွက်မှာ နေထိုင်သူတစ်ဦးက"မနက် ၉ နာရီလောက်က ပစ်သွားတာ။ ရာအိမ်မှူး လက်ဖက်ရည်ထိုင်သောက်နေတုန်း ဆိုင်ကယ်နဲ့ ရောက်လာပြီးပစ်သွားတာ။ Mask တပ်ထားတော့ ဘယ်သူဆိုတာ မသိရဘူး။ ရာအိမ်မှူးကတော့ ပွဲချင်းပြီးပဲ "လို့ ပြောပါတယ်။
မိုးမောက်မြို့မှာ ၂၀၂၁ ခုနှစ် သြဂုတ် ၁ ရက် ကလည်း အုပ်ချုပ်ရေးမှူးအဖွဲ့ စီးနင်း လိုက်ပါလာတဲ့ကားကို အမည်မသိ သေနတ်သမားတွေက ဝိုင်းဝန်းပစ်ခတ်ခဲ့တဲ့အတွက် ရပ်ကျေး အုပ်ချုပ်ရေးမှူး တစ်ဦးထိခိုက်ဒဏ်ရာရကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ သေဆုံးခဲ့ပါတယ်။