စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ် ရဲဘက်စခန်းသိမ်းတိုက်ပွဲမှာ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို သေနတ် ၂ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၉ ရက်က ရာဇဂြိုဟ်မြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်ဘက်က လိုက်လံရှာဖွေစဉ် ပြန်လည်ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးကို နိုင်ငံတကာ စစ်သုံ့ပန်း စည်းမျဥ်းစည်းကမ်းတွေနဲ့အညီ ထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
နိုဝင်ဘာ ၃ ရက်က စတင်ပြီး ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တွေက ကလေးမြို့နယ် ရာဇဂြိုဟ် ရဲဘက်စခန်း ၁ နဲ့ ရဲဘက်စခန်း ၂ တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတာပါ။
အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပြီး လေကြောင်းပစ်ကူတွေ အသုံးပြုခဲ့သလို ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး ရဲဘက်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။