အခုသီတင်းပတ်အစောပိုင်းက ကြက်ခြေနီအဖွဲ့ရဲ့ယာဉ်တန်း ပစ်ခတ်ခံရအပြီး သူ့လုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားပြီးနောက်မှာ ဂါဇာနယ်စပ်ကို လူနာစောင့်ကြပ်ရေး တာဝန်တွေကို ပြန်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဂါဇာရှိ ICRC ကြက်ခြေနီရုံး အကြီးအကဲက နိုဝင်ဘာ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဒီဖြစ်ရပ်ဟာ အလွန်အမင်းကို စိုးရိမ်ထိတ်လန့်စရာ ကောင်းတယ်လို့ ဖော်ပြခဲ့ပြီး ဘေးကင်းရေး အာမခံချက်တွေ ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
“ICRC ဟာ နိုဝင်ဘာ ၈ ရက်နေ့က ပစ်မှတ်ထားခံခဲ့ရတာဖြစ်ပြီး ဒါကို လက်မခံနိုင်ပါဘူး” လို့ ဂါဇာရှိ ICRC ကိုယ်စားလှယ်အဖွဲ့ရဲ့ အကြီးအကဲ ဝီလီယမ် စခွမ်ဘာ့ဂ်က ပြောပါတယ်။
ဒါပေမဲ့ ဖြစ်နိုင်သမျှနဲ့ အတတ်နိုင်ဆုံး ဂါဇာရှိ အရပ်သားတွေရဲ့ အရေးတကြီးနဲ့ ကြီးထွားလာနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် လူသားချင်းစာနာလှုပ်ရှားမှုတွေကို ဆက်လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
ကြက်ခြေနီအဖွဲ့ရဲ့ လုပ်ငန်းတွေကို နိုဝင်ဘာ ၈ ရက်မှာ ခဏရပ်နားထားခဲ့ပေမဲ့ အတွင်းပိုင်း ဆွေးနွေးမှု လုပ်ပြီးနောက် နိုဝင်ဘာ ၉ ရက်မှာတော့ လုပ်ငန်းတွေ ပြန်လည်စတင်ခဲ့ကြောင်း ဂါဇာရှိ ICRC ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ ဝီလီယမ် စခွမ်ဘာ့ဂ်က ဗီဒီယိုလင့်ခ်ကနေ ရိုက်တာကို ပြောကြားခဲ့ပါတယ်။
အစ္စရေး-ဟားမတ်စ် ပဋိပက္ခအတွင်း ICRC က လုပ်ဖော်ကိုင်ဘက်တယောက် ပျောက်ဆုံးနေတာ ရက်အတော်ကြာနေပြီဖြစ်လို့ သူ့ကျန်းမာရေးနဲ့ အခြေအနေကို စိုးရိမ်နေကြောင်းလည်း ဂါဇာရှိ ICRC ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲက ပြောသွားပါတယ်။
ဂျီနီဗာအခြေစိုက် ကြားနေအဖွဲ့အစည်းဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ဟာ လွန်ခဲ့တဲ့တလကျော် အစ္စရေးနဲ့ ဟားမတ်စ် ပဋိပက္ခစတင်ကတည်းက ဂါဇာကမ်းမြောင်ကနေ လူနာတွေကို စောင့်ကြပ်ဝန်းရံခဲ့ပြီး ဓားစာခံတွေကိုလည်း ကယ်ထုတ်ပေးခဲ့ကာ အိုင်စီအာရ်စီကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအောက်မှာ အကာအကွယ်ပေးထားတာ ဖြစ်ပါတယ်။
Source/Photo-Reuters