ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှာလုပ်မယ့် အင်းအမျိုးသားနေ့ကို နိုင်ငံရေး အခြေအနေအရ အကျဥ်းချုံးလုပ်ဖို့ အင်းလေးလူထုအရေး လှုပ်ရှားသူတချို့က နိုဝင်ဘာ ၉ ရက်မှာ ဖိအားပေး တိုက်တွန်းလိုက်ပါတယ်။
တန်ဆောင်မုန်းလဆန်း ၁ ရက် (နိုဝင်ဘာ ၁၃ ရက်) ကို အင်းအမျိုးသားနေ့အဖြစ် ထောက်ခံ ကြိုဆိုပေမဲ့ အကျဥ်းချုံးသာလုပ်ဖို့ အင်းလေးအမျိုးသမီးသမဂ္ဂ-IWU၊ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF၊ အင်းလေးဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု- IFDM၊ မြို့နယ် ရပ်မိရပ်ဖ ဦးမိုးအောင် တို့က တိုက်တွန်းထားတာပါ။
အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF တာဝန်ရှိသူတယောက်က “ကျနော်တို့က အကြီးအကျယ် မလုပ်ဖို့ရယ်၊ လောင်းကစားဝိုင်းတွေ မထားဖို့ သတိပေးစာ ထုတ်တာပါ။ ရှေ့ကတော့ (ဒေသစာရီကြွချီပူဇော်ခံပွဲ) ဘာသာရေးပွဲဖြစ်တဲ့အတွက် ဘာမှ လှုပ်ရှားမှာ မဟုတ်ဘူး။ ခုကတော့ ဘာသာရေးပွဲပြီးပြီမို့လို့ပါ” လို့ ပြောပါတယ်။
အင်းအမျိုးသားနေ့အဖြစ် ဆရာတော်၊ သံဃာတော်တွေကို ပူဇော်ကန်တော့ပြီး သြဝါဒခံယူကာ အနှစ်သာရရှိတဲ့ အခမ်းအနားဖြစ်အောင် ကျင်းပစေချင်တယ်လို့ ပြောပါတယ်။
အင်းအမျိုးသားနေ့ အခမ်းအနားကို နိုဝင်ဘာ ၁၀ ရက်ကနေ ၁၄ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး အကပဒေသာတွေ၊ ရိုးရာအားကစားတွေ၊ ဘော်လီဘောပြိုင်ပွဲတွေ လုပ်မှာဖြစ်ပါတယ်။
၁၂ လရာသီပွဲတော်တွေရှိတဲ့ မြန်မာနိုင်ငံမှာ အခုလိုကျင်းပတဲ့ ပွဲမျိုးတွေအတွက် ၂၀၂၁ ခုနှစ်ထဲက လူထုမပါဝင်ဖို့ တော်လှန်ရေးအဖွဲ့တွေက အမြဲလို ဖိအားပေး တိုက်တွန်းလေ့ ရှိပေမဲ့ သူ့ကာလ သူ့အချိန်တိုင်း အမြဲလို ကျင်းပပြီးဆုံးမြဲ ဖြစ်ပါတယ်။