ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာမှာ နိုဝင်ဘာ ၈ ရက် ညနေက ကျောက်စိမ်း အရောင်းအဝယ်ပြုလုပ်တဲ့ နေအိမ်တလုံး ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လုံးခင်းကျေးရွာ အမှတ် ၅ ရပ်ကွက်မှာမှာရှိတဲ့ ကျောက်စိမ်းအရောင်းအဝယ်ပြုလုပ်နေတဲ့ နေအိမ်ကို သေနတ်ကိုင်ဆောင်ထားတဲ့ အမည်မသိ အမျိုးသား ၄ ဦး ဝင်ရောက်လာပြီး ကျောက်စိမ်းနဲ့ ငွေသားတွေကို ဓားပြတိုက်သွားတာလို့ ဆိုပါတယ်။
ဒေသခံ အမျိုးသားတဦးက "ညနေ ၆ နာရီလောက်က အိမ်စီးကားတစီးနဲ့ အမျိုးသား လူငယ် ၄ ဦး ရောက်လာတယ်။ ကျောက်စိမ်း အရောင်းအဝယ်လုပ်တဲ့ အိမ်ကသူတွေကို သေနတ်နဲ့ချိန်ပြီး လက်တွေ၊ ပါးစပ်တွေကို တိပ်နဲ့ပတ်ပြီး ကျောက်စိမ်းတွေ ငွေသားတွေ ယူသွားတယ်။ အိမ်က သူတွေရဲ့ ဖုန်းတွေလည်း သိမ်းသွားတယ်" လို့ ပြောပါတယ်။
နေအိမ်မှာ ကျောက်အရောင်းအဝယ် ပြုလုပ်နေစဉ် သေနတ်ကိုင်ဆောင်ကာ မျက်နှာမှာ mask တပ်ထားတဲ့ အမျိုးသား ၄ ဦးရောက်ရှိလာပြီး ကျောက်စိမ်း အရိုင်း သေတ္တာတလုံး၊ ငွေသား သိန်း ၂၅၀ နဲ့ လက်ကိုင်ဖုန်း ၆ လုံးကို ဓားပြတိုက်သွားတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက် နေ့လယ်ကလည်း လုံးခင်းကျေးရွာ အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ ဂျာနူး ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းနဲ့ ဆေးဆိုင်မှာ အမည်မသိ သေနတ်သမား ၄ ဦးက ငွေကျပ်သိန်း ၁၀၀၀ ကျော်ကို ဝင်ရောက် ဓားပြတိုက်ခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ ဓားပြတိုက်မှု၊ လုယက်မှု၊ လူသတ်မှု၊ သေနတ်ပစ်ခတ်မှု၊ ပိုင်ရှင်မဲ့ အလောင်းစွန့်ပစ်မှု၊ အနုကြမ်းစီးမှု၊ ပြန်ပေးစွဲမှု၊ လက်နက်ပြ ဖမ်းဆီးမှုတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကတော့ ဖြစ်စဉ် အတော်များများကို ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးပါဘူး။
Photo - CJ