ရုရှားနိုင်ငံဟာ ဥရောပရှိ သမားရိုးကျ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ သဘောတူစာချုပ်အဖွဲ့ (CFE) ကနေ နိုဝင်ဘာ ၇ ရက် ညသန်းခေါင်မှာ တရားဝင် နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။
ဒီနုတ်ထွက်မှုကြောင့် CFE နဲ့ ပတ်သက်နေတဲ့ တခြားသဘောတူညီချက် ၂ ခုဟာ ရုရှားအတွက် တရားဝင်ဖြစ်ဖို့ ရပ်ဆိုင်းသွားပြီလို့ ဆိုပါတယ်။
ဝါဆောသဘောတူညီချက် ၆ နိုင်ငံအတွက် သမားရိုးကျ လက်နက်နဲ့ကိရိယာတွေကို အမြင့်ဆုံးပမာဏပေးတဲ့ ၁၉၉၀ ခုနှစ် နိုဝင်ဘာ ၃ ရက် ဘူဒါပတ်စ် စာချွန်လွှာနဲ့ မူရင်းသဘောတူစာချုပ်ကို ပြုပြင်မွမ်းမံထားတဲ့ ၁၉၉၆ ခုနှစ် မေ ၃၁ ရက် ဖလန့်ခ် သဘောတူညီချက်တို့မှာ ပါဝင်ပတ်သက်မှု မရှိတော့ကြောင်း သိရပါတယ်။
ရုရှားရဲ့ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) က သူ့ရဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ CFE ရဲ့ လုပ်ငန်းတွေကို ဆိုင်းငံ့ထားဖို့ ရည်ရွယ်ထားကြောင်း အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကို နေတိုး မဟာမိတ်နိုင်ငံတွေအားလုံးက ထောက်ခံကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိမ်ဖြူတော်ကလည်း အဲဒီနေ့မှာပဲ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး အဲဒီစာချုပ်အရ ရုရှားရဲ့ တာဝန်ဝတ္တရားတွေကို ဒီဇင်ဘာ ၇ ရက်မှ စတင်ဆိုင်းငံ့ထားမယ်လို့လည်း ဆိုပါတယ်။
ဥရောပရှိ သမားရိုးကျ လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ သဘောတူစာချုပ် (CFE) ကို ၁၉၉၀ ပြည့်နှစ်တုန်းက နေတိုးအဖွဲ့ဝင်တွေနဲ့ ဝါဆောစာချုပ်အဖွဲ့ ၆ နိုင်ငံတို့ ၁၉၉၀ ပြည့်နှစ်က လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ အသက်ဝင်ခဲ့တာပါ။
ဒီစာချုပ်အရ ဥရောပရှိ သမားရိုးကျ စစ်လက်နက်ပစ္စည်းတွေရဲ့ အဓိက အမျိုးအစားတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ်ချက်တွေ ချမှတ်ခဲ့ပြီး ပိုလျှံလက်နက်တွေကို ဖျက်ဆီးပစ်ဖို့ အမိန့်ပေးခွင့်ရှိပါတယ်။
Source/Photo-Reuters