စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့ထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး တကောင်း-ထီးချိုင့်-အင်းတော် လမ်းပိုင်းကိုလည်း တော်လှန်ရေးတပ်တွေဘက်က ယာယီပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လမ်းပိုင်းတချို့ပိတ်ကြောင်း ကြေညာတဲ့ နိုဝင်ဘာ ၈ ရက် ညနေ ၃ နာရီလောက်ကစပြီး မြို့တွင်းမြို့ပြင်တွေမှာ ထိတွေ့မှုတွေ စတင်လာတာလို့ ထီးချိုင့်မြို့ခံက ပြောပါတယ်။
“အခု လေယာဉ်တွေနဲ့ ကြဲနေတယ်။ ကျနော်တို့ ပုန်းနေရတယ်။ မြို့ထဲဝင်နေတယ်။ သူတို့ သိပ်မဝင်နိုင်ဘူး၊ မြို့ပြင်လောက်ပဲရှိသေးတယ်။ မြို့ထဲမှာ ပစ်နေကြတယ်။ မြို့ထဲက အိမ်တွေမှာ လူသိပ်မရှိတော့ဘူး။ ၃ နာရီ ၅ မိနစ် ၁၀ မိနစ်လောက်ကစတာ” လို့ မြို့ခံက ဒီဗွီဘီကို မြန်မာစံတော်ချိန် ညနေ ၅ နာရီမှာ ပြောပါတယ်။
ဒါ့အပြင် ထီးချိုင့်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ညနေ ၃ နာရီကျော်လောက်မှာ “ထီးချိုင့်မြို့တော်ကြီး စစ်အာဏာရှင်လက်အောက်မှ မကြာမီ လွတ်မြောက်တော့မည်။ တိုက်ပွဲပြင်းထန်နေသဖြင့် ပြည်သူများ ဘေးလွတ်ရာသို့ အမြန်ဆုံးရှောင်ကြပါ” ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။
တခြားဒေသခံတယောက်ကလည်း တိုက်ပွဲတွေ ပြင်းထန်နေကြောင်းနဲ့ ထီးချိုင့်တောင်ကုန်းပေါ်မှာ တပ်ရင်းတရင်းရှိတာကြောင့် အဲဒီတပ်ရင်းနဲ့ တိုက်နေတာ ဖြစ်နိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“စစ်တပ်က အထိုင်ချထားတယ်၊ တောင်ပေါ်မှာ။ တပ်အင်အားများတယ်။ ဟာ ပစ်တယ်ဟ။ ခဏနေမှ ပြန်ဆက်လိုက်နော်။”
ဒါကြောင့် အသေးစိတ်ကို အတည်ပြုနိုင်ဖို့ ထီးချိုင့်-PDF တယောက်ဆီ ထပ်မံဆက်သွယ်ရာမှာတော့ တိုက်ပွဲဖြစ်နေတာကို အတည်ပြုပြီး အသေးစိတ်ကို နောက်မှ ထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်။
အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရတော့ စစ်တပ်က ထီးချိုင့်မြို့ထဲကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ သေဆုံးသူမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အလားတူ ပင်လည်ဘူးမြို့ကိုလည်း တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တချို့နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားနိုင်ကြောင်း NUG ဘက်က အတည်ပြုထားပါတယ်။
ထီးချိုင့်မြို့ကိုသာရခဲ့ပါက စစ်ကိုင်းတိုင်းထဲမှာ ပင်လည်ဘူး၊ ခါမ်းပါတ်၊ ကောလင်း အပါအဝင် ၄ မြို့အထိ စစ်ကောင်စီဘက်က လက်လွှတ်လိုက်ရမှာပဲ ဖြစ်ပါတယ်။
စိုးသူအောင်