Home
မြန်မာသတင်း
ပဲခူးတွင် စစ်ကောင်စီတပ်က တင့်ကားများနှင့် ကင်းလှည့်
DVB
·
November 8, 2023
Bago_08112023

ပဲခူးမြို့ပေါ်မှာ နိုဝင်ဘာ ၇ ရက် ညပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ရဲတွေ ပူးပေါင်းပြီး တင့်ကားတွေအသုံးပြုကာ လှည့်ကင်း လှည့်ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ တင့်ကားတွေ၊ စစ်ကား၊ ရဲမီးတန်းကားတွေနဲ့အတူ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး လှည့်ကင်းလှည့်ခဲ့တာဖြစ်တယ်လို့ မဇင်းရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပဲခူးမြို့ပေါ်က လူတွေကို ကြောက်အောင် ခြောက်တဲ့ပုံစံမျိုး၊ တကယ်တိုက်ပွဲတွေဖြစ်နေတာ ပဲခူးတိုင်းအနောက်ခြမ်းမှာ၊ ပဲခူးမြို့ပေါ်က အေးဆေး၊ ဟန်ပြပုံစံကင်းလှည့်တာ။”

စစ်ကောင်စီတပ်က တင့်ကားကို ရှေ့မှာထားကာ အနောက်မှာ စစ်ကား၊ ရဲမီးတန်းကား စုစုပေါင်း ၁၀ စီးခန့်နဲ့ ကင်းလှည့်ခဲ့တာဖြစ်တယ်လို့ ကလျာဏီရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပဲခူးတိုင်းက တပ်ရင်းတွေ ကြောက်နေပြီ။ ညက ကင်းလှည့်တော့ လမ်းမှာ တွေ့တဲ့သူကို ရဲကားပေါ်ကဆင်းပြီး စစ်ဆေးတာတို့ စစ်သားတွေက ဆဲဆိုတာတွေ လုပ်တယ်။ မသိရင် အခုပဲ ပဲခူးမှာ စစ်ဖြစ်တော့မယ့်ပုံစံမျိုး လူထုကိုထင်အောင်လုပ်တာ။”

ကင်းလှည့်ရာမှာ အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ပဲခူးအခြေစိုက် အမှတ် ၈ ခြေမြန်တပ်ရင်း၊ အမှတ် ၁၁ ခြေလျင်တပ်ရင်းနဲ့ အင်းတကော် အခြေစိုက် ၁၀၅ ခြေမြန်တပ်ရင်းနဲ့အတူ ပဲခူးတိုင်းရဲတပ်ဖွဲ့နဲ့ ကင်းလှည့်ခဲ့တာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မနေ့ကလည်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကို နိုဝင်ဘာ ၈ ရက်မှ ၁၆ ရက်နေ့အထိ ၉ ရက်တာ နေ့စဉ် မနက် ၉ နာရီအချိန် မဟာသမယသုတ်နဲ့ ပရိတ်ကြီး ၁၁ သုတ်ကို ရွတ်ဖတ်ဖို့ ပူဇော်ခိုင်းတာလည်း ရှိပါတယ်။

ဒါ့အပြင် မဟာသမယသုတ်နဲ့ ပရိတ်ကြီး ၁၁ သုတ်ကို ရွတ်ဖတ်ခြင်းမပြုမီ ဘုရားကျောင်းဆောင်ရှေ့မှာ ကျောက်ကျော ၃ တုံး၊ ဘရာကြော် ၃ ခုနဲ့ မုန့်လုံးရေပေါ် ၃ လုံးစီကို ပန်းကန် ၁၀၈ ချပ်ထဲထည့်ကာ ယတြာချေခိုင်းခဲ့တဲ့ကြေးနန်း ပေါက်ကြားခဲ့တဲ့အတွက် အရာရှိတချို့ ခေါ်ယူစစ်ဆေးခံနေရတာလည်း ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024