အစ္စရေး တိုက်ခိုက်မှုကြောင့် ၁၀ မိနစ်တိုင်း ကလေးတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိနေတယ်လို့ ဟားမတ်စ်ထိန်းချုပ်တဲ့ ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်ရှ်ရပ်ဖ် အယ်လ်ကူဒရာက နိုဝင်ဘာ ၇ ရက်မှာ ပြောပါတယ်။
အခုချိန်ထိ အစ္စရေးကြောင့် သေဆုံးရတဲ့ ကလေးငယ် ၄,၂၀၀ ကျော်ရှိပြီး ဒဏ်ရာရသူ ၁၀၀၀၀ ကျော်ရှိတယ်လို့လည်း ဆိုပါတယ်။
ပါလက်စတိုင်းမှာ အကြီးဆုံးဖြစ်တဲ့ အယ်လ်ရှီဖာဆေးရုံမှာ အခုဆို လူတွေပြည့်ကျပ်နေပြီး ဒုက္ခသည်တွေ၊ ထိခိုက်ဒဏ်ရာရသူတွေ၊ ဖျားနာသူတွေနဲ့ ဆေးဝန်ထမ်းတွေ အပါအဝင် လူပေါင်း ၁ သိန်းကျော် ရှိနေတယ်လို့လည်း ကူဒရာက ပြောပါတယ်။
အစ္စရေး ကင်းထောက်လေယာဉ်တွေဟာ ဒီအဆောက်အဦကို စက္ကန့်မပြတ် ထောက်လှမ်းကြည့်ရှုနေကြတာဖြစ်ပြီး ဂါဇာမှာ ဒီအဆောက်အဦကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ကြကြောင်းနဲ့ ကုလသမဂ္ဂ၊ ICRC နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အားလုံးအနေနဲ့ ဆေးရုံတွေကို ပစ်မှတ်မထားအောင် ကျန်းမာရေးစနစ်ကို ကာကွယ်ပေးဖို့၊ အယ်လ်ရှီဖာဆေးရုံကို ကာကွယ်ပေးဖို့၊ ဆေးရုံထဲမှာ ရှိနေတဲ့သူတွေကို ကာကွယ်ပေးဖို့ လိုအပ်နေပါပြီလို့လည်း ကူဒရာက ပြောပါတယ်။
အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးရသူ ၇၀ ရာခိုင်နှုန်းဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တာကြောင့် ဒီကနေ့ ဂါဇာကမ်းမြောင်ဒေသဟာ ကလေးတွေနဲ့ အမျိုးသမီးတွေရဲ့ သင်္ချိုင်းနေရာစစ်စစ် ဖြစ်လာနေပြီလို့လည်း ဆိုပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ် နှစ်ဖွဲ့စလုံးဟာ တိုက်ပွဲတွေကို ရပ်တန့်ပေးဖို့ တိုးမြင့်တောင်းဆိုမှုတွေကို ငြင်းဆိုထားပါတယ်။
အစ္စရေးက ဓားစာခံတွေကို အရင်လွှတ်ပေးသင့်တယ်လို့ ပြောထားပါတယ်။ ဟားမတ်စ်အဖွဲ့ကလည်း ဂါဇာကမ်းမြောင်ဒေသကို တိုက်ခိုက်နေချိန်အတွင်း သူတို့ကို လွှတ်ပေးမှာမဟုတ်သလို တိုက်ပွဲတွေကိုလည်း ရပ်တန့်မှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters