မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ သစ်ဆိမ့်ပင်ကျေးရွာမှာ နိုဝင်ဘာ ၇ ရက် မနက်က ရော်ဘာခြံထဲသွားတဲ့ အမျိုးသားတဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၅၅ နှစ်အရွယ် ဦးဝင်းဇော်ဟာ နိုဝင်ဘာ ၇ ရက် မနက် ၈ နာရီလောက်က သစ်ဆိမ့်ပင်ကျေးရွာရှိ ရော်ဘာခြံကို ဆိုင်ကယ်နဲ့သွားရောက်စဉ် နင်းမိုင်း နင်းမိခဲ့ပြီး ညာဘက်လက်နဲ့ ညာဘက်ခြေသလုံးတို့မှာ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကျိုက်ထိုဒေသခံတဦးက “သူက အိမ်ကနေ ရော်ဘာခြံကို ရော်ဘာခြစ်ဖို့ သွားရင်း မိုင်းထိသွားတာ။ ဒဏ်ရာရရုံပါပဲ၊ ခြေထောက်ဖြတ်ရတာတွေလည်း မရှိပါဘူး။ ဒဏ်ရာက သိပ်အများကြီးမဟုတ်တော့ စိုးရိမ်ရတဲ့ အခြေအနေလည်း မဟုတ်ပါဘူး။ မိုင်းကို ဘယ်အဖွဲ့က ထောင်ထားတာလဲ ဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။
ဦးဝင်းဇော် နင်းမိတဲ့မိုင်းကို KNU နဲ့ တော်လှန်ရေးပူပေါင်းအဖွဲ့တွေ ထောင်ထားတာဆိုပြီး စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
တော်လှန်ရေးရဲဘော်တဦးက “အဲ့ဒီမိုင်းကို စစ်တပ်က ထောင်ထားတာလား၊ မထောင်ထားဘူးလား ဆိုတာ ကျနော်တို့ သေချာမသိပေမဲ့ ကျနော်တို့တော့ မထောင်ထားပါဘူး။ ပြည်သူတွေ သွားနေကြနေရာမှာ ကျနော်တို့ မိုင်းထောင်တာတွေ မလုပ်ပါဘူး။ ပြည်သူ့အကျိုးစီးပွား ထိခိုက်စေတဲ့ကိစ္စမျိုး ကျနော်တို့မလုပ်ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အမြောက်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး တဖက်ကမ်းမှာရှိတဲ့ တနော်ကျွန်းရွာထဲ ကျရောက်ပေါက်ကွဲတာကြောင့် ပြည်သူ ၄ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။