စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တဲ့ သတင်းမှတ်တမ်းရုပ်သံကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ခါမ်းပါတ်မြို့ဟာ အိန္ဒိယ-မြန်မာနယ်စပ်က တမူးမြို့နဲ့ မိုင် ၄၀ ကျော်အကွာမှာရှိနေတာ ဖြစ်ပြီးတော့ ဒီတိုက်ခိုက်သိမ်းပိုက်မှုမှာတော့ တမူးခရိုင် တပ်ရင်း (၂)၊ စစ်ဒေသ အထူးတပ်ရင်း (၂)၊ အမှတ်(၁) စစ်ဒေသ လက်နက်ကြီးအဖွဲ့၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့တွေနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CNDF၊ TDA၊ RCDF သာမက ကူကီးအဖွဲ့ (KNA-Burma) တို့ကလည်း ပါဝင်ခဲ့ကြပါတယ်။
ခါမ်းပါတ်မြို့ပေါ် ဆေးရုံဝန်းထဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကစတင်ကာ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီးနောက် ၆ ရက်နေ့မှာ ခါမ်းပါတ်မြို့ပေါ် ရဲစခန်းနဲ့ ၇ ရက်နေ့မှာတော့ စစ်ကောင်စီဆက်သွယ်ရေးတပ်ကုန်းကို သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။
ဒီမတိုင်ခင် နိုဝင်ဘာ ၆ ရက်နေ့ကလည်း ကောလင်းမြို့ကို အမှတ် (၁) စစ်ဒေသ၊ ကော လင်းခရိုင်ကွပ်ကဲရေးရဲ့ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့တာကြောင့် ဒါကတော့ ဒုတိယမြောက် သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့တမြို့ ဖြစ်လာခဲ့တာပါ။
ကောလင်းမြို့သိမ်း ၄ ရက်ကြာတိုက်ပွဲမှာတော့ ကောလင်းရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့မှာ အခြေချထားတဲ့ စစ်ကောင်စီတပ်သားတွေကို အဆင့်ဆင့်တိုက်ခိုက် သိမ်းယူခဲ့ရတာ ဖြစ်ပါတယ်။
အဆိုပါ မြို့သိမ်းတိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပေမဲ့ လက်ရှိအချိန်အထိ NUG ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီ ဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။